ဒုက္ခသည်စခန်းက မြန်မာတွေကို ခေါ်ဆောင်လာသူ ထိုင်းသုံးဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးအမှုဖွင့်

ဩဂုတ်၊ ၁၄

မြန်မာဒုက္ခသည်တွေကို ခိုးသွင်းတယ်လို့ စွပ်စွဲခံရပြီး ထိုင်းနိုင်ငံသား ၃ ဦးဟာ လူမှောင်ခိုမှုနဲ့ ဖမ်းဆီး အမှုဖွင့် ခံထားရကြောင်း သိရပါတယ်။

ထိုင်းရဲတွေက အဲဒီ အမျိုးသား ၃ ဦးဟာ ယာယီ ရွှေ့ပြောင်း ဒုက္ခသည် စခန်းကနေ ကလေး ၅ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၀ ဦးကို မှောင်ခိုတင်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူတို့ကို ဖမ်းမိချိန် ကားတွေပေါ်မှာ မြန်မာ ဒုက္ခသည် ၁၀ ဦးကိုပါ တွေ့ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ခွမ်ယွမ်ခရိုင်ထဲက မီခီမှာရှိတဲ့ အဝေးပြေးလမ်း တနေရာမှာ ရဲတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ဖွင့်လှစ်ထားရာ စစ်ဆေးရေးဂိတ်မှာ အထောက်အထားမဲ့ မြန်မာဒုက္ခသည်တွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတွေကို ဖော်ထုတ် ဖမ်းဆီးမိခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ချင်းမိုင် လိုင်စင်နံပါတ်ပြား တပ်ဆင်ထားပြီး ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာတဲ့ ကားနှစ်စီးကို တားဆီးပြီး စစ်ဆေးချိန်မှာ မသင်္ကာစရာ ခရီးသည်တွေကို တွေ့ရှိခဲ့တာလို့ လူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်မောင်းတွေ အပါအဝင် အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကတော့ အသက် ၃၈ နှစ်အရွယ် အန်နိုင်း၊ အသက် ၂၁ နှစ်အရွယ် ဆန်ဝေါင်နဲ့ အသက် ၅၄ နှစ်အရွယ် အနျူရက်ခ်တို့ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူ မြန်မာတွေထဲမှာ အသက် ၅ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးငယ် ၅  ဦး ပါဝင်ပြီး အားလုံးက အထောက်အထားမဲ့ ဝင်ရောက်လာပေမယ့် ထိုင်းစကား ပြောဆိုတတ်ကြတယ်လို့လည်း သိရပါတယ်။

အန်နိုင်းက သူတို့ဟာ မယ်ခိုက ယာယီ ဒုက္ခသည် စခန်းတခုမှာ ခိုလှုံနေတဲ့ မြန်မာတွေကို ဘန်မယ်ခီမှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီ ချိတ်ဆက် ပို့ဆောင်ပေးဖို့ စီစဉ်ထားကြောင်း ရဲတွေဆီမှာ ထွက်ဆိုပါတယ်။ အန်နိုင်းတို့ အဖွဲ့ဟာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို ဆွေမျိုးသားချင်းတွေဆီ ပို့ဆောင်ပေးတာမျိုး နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့လည်း အတည်ပြု ဝန်ခံထားကြပါတယ်။

 ရဲတွေကတော့ အန်နိုင်းနဲ့ အဖော်နှစ်ဦးကို လူမှောင်ခိုမှုနဲ့ တရားစွဲဆိုသွားမယ်လို့ အတည်ပြုခဲ့ပြီး ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုမိုကြီးမားတဲ့ ကွန်ရက်မျိုး စုဖွဲ့ လှုပ်ရှားနေနိုင်သေးကြောင်း ယူဆနေပါတယ်။