ဩဂုတ်၊ ၁၄
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်တောင်ပေါ်လမ်းဟောင်းကို ဒီကနေ့စလို့ အတက် တရက်၊ အဆင်းတရက် သာအသုံးပြုဖို့ ဒေသတွင်းလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေက ပြန်လည်သတ်မှတ်လိုက်တယ်လို့ အဲဒီ လမ်း ပိုင်းအသုံးပြုနေသူတွေက ပြောပါတယ်။
“မနေ့က သူတို့တွေ ပြောထားတာ၊ ဒီနေ့ကစပြီး အတက်တရက်၊ အဆင်းတရက်၊ အရင်တုန်းကလိုမျိုး ပြန်လုပ် သွားမှာ” လို့ ခရီးသည်တင်ယာဉ်မောင်းတဦးက DNA ကို ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျရေတိုက်စားမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်က မြဝတီ- ကော့ကရိတ် အာရှအဝေးပြေးကားလမ်းပိုင်းနေရာတချို့မှာ တောင်ပြိုကျမှု၊ လမ်းမြေသားပြိုကျမှုတွေဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေးပြတ်တောက်ခဲ့ပါတယ်။
ဒါကြောင့် အာရှလမ်းပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးမီ လမ်းဟောင်းကို အသုံးပြုမှုများပြားလာတာကြောင့် ဒေသ တွင်းလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက အခုလို သတ်မှတ်လိုက်တာလို့ဆိုပါတယ်။အဲ့ဒီလမ်းပိုင်းကို အဓိကထား အသုံးပြုခဲ့ကြတဲ့ ကာလတွေကတည်းက ဒေါနတောင်ပတ်လမ်းဟာ တရက်တက်၊တရက်ဆင်းစနစ်ကိုပဲကျင့် သုံးခဲ့ ကြတာပါ။
“လမ်းဟောင်းက တချို့နေရာတွေ မြေပြိုထားတာ ရှိတယ်၊ ကားတစီးလောက်ပဲ သွားလို့ရတာ၊ အဲဒါ နှစ်စီးရှောင် လို့ရတဲ့နေရာမှာ အတက်ကားက စောင့် အဆင်းကားက ဖြတ်ဆိုတော့ အချိန်လည်းကုန်တယ်၊အန္တရာယ်လည်း ရှိ တယ်၊ အခုလို လုပ်လိုက်တာက ကောင်းတာပေါ့”လို့အဲဒီလမ်းပိုင်းအသုံးပြုနေသူတဦးက ပြောပါတယ်။
ဒါ့အပြင် ဒေါနတောင်ပေါ်ပတ်လမ်းဟောင်းမှာ အိမ်စီးကား၊ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တွေကိုသာ ဖြတ်သန်း သွားလာခွင့်ပြုထားပြီး ကုန်တင်ယာဉ်တွေကိုတော့ ဖြတ်သန်းခွင့်မပြုသေးဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသစ်ဖွင့်လှစ်ခဲ့ပြီးနောက်မှာ မြဝတီ-ကော့ကရိတ် ဒေါန တောင်ပတ်ကား လမ်းဟောင်းကို ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေဖြတ်သန်းသွား လာမှုမရှိသလောက်ဖြစ်ခဲ့တာပါ။
လမ်းပိုင်းတချို့ပြိုကျပျက်စီးသွားတဲ့ မြဝတီ – အာရှလမ်းကိုတော့ စစ်ကောင်စီဘက်က ပြင်ဆင်မှုတွေ စတင် လုပ်ဆောင် နေပြီဖြစ်ပေမယ့် ပြင်ဆင်ချိန်တလဝန်းကျင်ကြာမြင့်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြဝတီ-အာရှလမ်းမကြီး ပြန်လည်ပြုပြင်နေတဲ့အချိန်မှာ ဒေါနတောင်တက်လမ်းဟောင်းကို အသုံးပြုတာကြောင့် ကုန်စည်စီးဆင်းမှုပုံမှန်ပြန်ဖြစ်သွားပေမယ့် လမ်းခရီးတလျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေက များတာကြောင့် သတိနဲ့ သွားလာ နေရတယ်လို့ ခရီးသည်တင်ယာဉ်မောင်းနှင်သူတဦးက ပြောပါတယ်။
“လမ်းတလျှောက်မှာ လက်နက်ကိုင်အဖွဲ့တွေများတယ်၊ ပိုက်ဆံတောင်းတယ်၊ ပေးရတယ်၊ ကားသမား တွေဘက် က ကြည့်ရင် အဆင်မပြေဘူး၊ ကားသမားတွေကလည်း ကားခဈေးကို ပိုပြီးတောင်းရတယ်ပေါ့” လို့သူက ပြောပါ တယ်။
photo CJ