ပြည်တွင်းရွှေစျေး ရက်နှစ်ဆယ်ကျော်အတွင်း ကျပ်ငါးသိန်းနီးပါး မြင့်တက်

သြဂုတ်၊ ၁၄

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းတာကြောင့် အထွေထွေကုန်စျေးနှုန်းတွေမြင့်တက်နေသလို ပြည်တွင်းရွှေစျေးဟာလည်း ရက်ပေါင်းနှစ်ဆယ်ကျော်အတွင်း ကျပ်ငါးသိန်းနီးပါးအထိစျေးမြင့်တက်နေတယ်လို့ ရန်ကုန်မြို့က ရွှေကုန်သည်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ်ထုတ်ဝေမယ်လို့ဇူလိုင်လ ၂၃ ရက်က ကြေညာအပြီးအခေါက်ရွှေစျေးတကျပ်သားကို ၃,၂၉၀,၀၀၀ ကျပ်ဝန်းကနေ ရက်ပေါင်းနှစ်ဆယ်အကြာ ဒီနေ့မှာတော့ ၃,၇၄၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ငါးသိန်းနီးပါး ဈေးမြင့်တက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ အခေါက်ရွှေရွှေတကျပ်သား ၃၅ သိန်းဝန်းကျင်နဲ့ အမေရိကန် တဒေါ်လာကို ၄၁ဝဝ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး စျေးတက်ခဲ့ပြီးနောက်ပိုင်း ဒီကနေ့ ရွှေစျေးဟာ အမြင့်ဆုံးဖြစ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ရွှေဈေးနှုန်းတွေမြင့်တက်နေပေမယ့် အရောင်းအဝယ်ဈေးကွက်အေးနေပြီး အခြေအနေကြည့်နေတယ်လို့ လည်း ရန်ကုန်မြို့က ရွှေကုန်သည်ကြီးတွေ နဲ့ရွှေဆိုင်ပိုင်ရှင်တွေက တညီတညွတ်တည်း ပြောကြပါတယ်။

“ ရွှေဈေးတန်းဖွင့်ထားတယ်။အရောင်းရောအဝယ်ရော ။ ဒါပေမယ့်လေ အရောင်းအဝယ် ဈေးကွက်ကတော့ အေးတယ် ။ ဈေးကမငြိမ်တာကြောင့်  မဝယ်ရဲ၊ မရောင်း ရဲဘူးလို့ထင်တယ် “ လို့ ရန်ကုန်မြို့က ရွှေကုန်သည်တဦးကပြောပါတယ်။

နှစ်သောင်းတန်ငွေစက္ကူဂယက်၊ စင်ကာပူUOB ဘဏ်က မြန်မာနဲ့ဆိုင်တဲ့ ဘဏ်အကောင့်တွေကို ငွေလွှဲကန့်သတ်မယ်ဆိုတဲ့သတင်းနဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့က ပြည်ပလွှဲငွေကိုပေါက်စျေးထက် ပိုပေးဝယ်ယူနေလို့  အမေရိကန်ဒေါ်လာစျေးတက်လာသလို ရွှေစျေးလည်းလိုက်ပါမြင့်တက်လာနေတာပါ။

‘’နှစ်သောင်းတန်ထွက်လာရင် ငွေဖောင်းပွမယ်ဆိုပြီး လူတွေက ငွေမကိုင်ဘဲ ရွှေတို့၊ Real Estate (အိမ်ခြံမြေ)ဖက် လှည့်လာကြတော့ ရွှေစျေး၊ မြေစျေးတွေတက်လာတယ်။ စျေးကစားကြတာလည်းပါတာပေါ့’’ လို့ရန်ကုန်၊ မြောက်ဒဂုံက ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

မြန်မာ့ရွှေစျေးဟာဒီကနေ့မှာ  အခေါက်ရွှေ တကျပ်သားကို ၃,၇၄၀,ဝဝဝကျပ် စျေးပေါက်နေပေမယ့် ကမ႓ာ့ရွှေစျေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ  ၁၉၁၂ ဒဿမ ၄၄ ပေါက်စျေးရှိနေတယ်လို့ စျေးကွက်အတွင်းကသိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌက  နိုင်ငံခြားငွေစျေးကွက်လို ပြည်တွင်းရွှေကို အွန်လိုင်းစနစ်နဲ့ရောင်းဝယ်ဖို့ကို သြဂုတ်လ ၁၂ ရက်က ရွှေနဲ့ ငွေကြေးစျေးကွက်စောင့်ကြည့်ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဝင်တွေနဲ့ တွေ့ဆုံရာမှာပြောထားပါတယ်။

ဗဟိုဘဏ်ဥက္ကဌက  နိုင်ငံခြားငွေကြေးစျေးကွက်လို ရွှေတုံးရွှေခဲတွေကို အွန်လိုင်းကအရောင်းအဝယ်ပြုလုပ်ဖို့ပြောကြားတာဟာ ငွေကြေးစျေးကွက်လို ရွှေစျေးကွက်ကို ထိန်းချုပ်ကန့်သတ်လိုတဲ့ သဘောလို့ယူဆတယ်လို့ ရန်ကုန်ရွှေစျေးကွက်အသိုင်းအဝိုင်းက ဆိုပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းမြင့်တက်လာနဲ့ အတူ နိုင်ငံခြားငွေစျေးနှုန်းတွေလည်းမြင့်တက်လာပြီး ဇူလိုင်လ ၂၃ ရက်က အမေရိကန် တဒေါ်လာကို ၃,၁၇၂ ကျပ်၊ တယူရို ၃,၅၃၀ ကျပ် စကာပူ တဒေါ်လာ ၂,၃၈၄ ကျပ် ၊ ထိုင်းတဘတ် ၉၂ ကျပ်၊ ပေါက်ဈေးရှိခဲ့ပါတယ်။

ဒါပေမယ့် သြဂုတ်လ ၁၄ ရက်မှာတော့ အမေရိကန် တဒေါ်လာ ၃,၆၃၀ ကျပ်၊ တယူရို ၃,၉၄၅ ကျပ်၊ စကာပူတဒေါ်လာ ၂,၆၄၃ ကျပ် နဲ့ထိုင်းတဘတ်ကို ၁၀၂ ကျပ်ထိ ဈေးမြင့်တက်နေပြီး အချိန်အလိုက်အပြောင်း အလဲရှိနိုင်ပါတယ်။