သြဂုတ်၊ ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူးမြို့နယ်မြောက်ပိုင်းမှာ Non-CDM သားဖွားဆရာမ တဦးအပါအဝင် မိသားစုဝင်ငါးဦး နေအိမ်မှာ ဓားထိုးဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
“ သတ်တာတော့ သေနတ်ဒဏ်ရာတွေ မရှိဘူး၊ ဓားနဲ့ပဲ လည်ပင်းကို ထိုးသွားတာတို့၊ လှီးသွားတာတို့ပဲ ရှိတယ်။ အိမ်မှာပဲ သေချာဖမ်းပြီး ဓားနဲ့ပဲ ထိုးသတ်သွားကြတာပါ။ နှစ်နှစ်အရွယ် ကလေးတယောက်ရှိတယ်။ ကလေးကိုတော့ သူတို့မသတ်သွားဘူးပေါ့နော် ” လို့ ကန့်ဘလူဒေသခံတဦးက DNA ကို ပြောပါတယ်။
အဲဒီအသတ်ခံရတဲ့သူတွေကို စစ်ဆေးကြည့်ရာမှာတော့ ဓားထိုးဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ Non-CDM သားဖွားဆရာမ မဖြိုးသီရိလှိုင်၊ ခင်ပွန်းဖြစ်သူ ကိုစိုးမြင့်လွင်နဲ့ သူရဲ့မိဘဖြစ်သူ ဦးမြင့်ဆွေ၊ ဒေါ်ကြည်ဌေး တို့အပါအဝင် ဆွေမျိုးဖြစ်သူ မမေလေးတို့ ဖြစ်ကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
လူသတ်မှု ကျူးလွန်သူတွေဟာ Non-CDM သားဖွားဆရာမ မိသားစုကို သတ်ဖြတ်ပြီးနောက် အိမ်ထဲက ရွှေ၊ ငွေအပါအဝင် ငွေသားတွေကိုလည်း ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောကြပေမယ့် တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာတော့ တိတိကျကျမသိရပါဘူး။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြချက်အရ မျက်လုံးကို အဝတ်စည်းထားပြီး လက်ပြန်ကြိုးတုပ်ကာ အသတ်ခံထားရတဲ့ ပုံတွေကို တွေ့ရသလို သြဂုတ်လ ၁၂ ရက် ညနေပိုင်းမှာ အသတ်ခံထားရတာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
ကန့်ဘလူမြို့နယ်မြောက်ပိုင်း အမှတ်(၂)ရပ်ကွက်၊ ကန့်ဘလူ-ကောလင်း ကားလမ်းဘေးမှာရှိတဲ့ သုံးထပ်တိုက် နေအိမ်တလုံးမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းငါးလောင်းကို ဩဂုတ်လ ၁၃ ရက်မနက်ပိုင်းမှာ ဒေသခံတွေက တွေ့ရှိကြတာပါ။
သားဖွားဆရာမ မဖြိုးသီရိလှိုင်ဟာ အရင်က ကန့်ဘလူမြို့နယ်ထဲက ဘူးကုန်းကျေးရွာမှာ တာဝန်ကျခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေက Non-CDM ဝန်ထမ်းတွေကို CDM လုပ်ဖို့ သတိပေးတဲ့ အချိန်မှာ အမျိုးတွေရှိတဲ့ မြို့ပေါ်ကို ပြောင်းလာခဲ့တာလို့လည်း ပြောကြပါတယ်။
“ အခု အသတ်ခံရတဲ့ နေအိမ်ကို မိသားစုနဲ့အတူ ပြောင်းလာကြတာ ကြာပြီ မနှစ်ကတည်းကပဲ ပြောင်းလာတာ။ သူကတော့ အဲဒီလို စစ်တပ်သတင်းပေးတို့ ဘာညာလုပ်တာတော့ မရှိဘူး၊ ကျွန်တော်တို့ သိသလောက်က၊ ကြောက်လို့ပဲ သူမြို့ဘက်ကို ပြောင်းသွားတာ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီငါးလောင်းပြိုင် လူသတ်မှုဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝါဒဖြန့်စွပ်စွဲမှုတွေ ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေက ငြင်းဆိုပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ လုံးဝပတ်သက်ဆက်နွယ်မှု မရှိဘဲ အသတ်ခံရသူတဦးဖြစ်တဲ့ ဦးမြင့်ဆွေဟာ သူရဲ့ အမျိုးသမီးဖြစ်သူရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့ ကန့်ဘလူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)အဖွဲ့ဝင် ကိုအာခိုင်က ပြောပါတယ်။
” ကျွန်တော်တို့ လုပ်တာမဟုတ်ဘူးဗျ။ ကျွန်တော့်အမျိုးတွေ၊ ဦးလေး တော်စပ်တယ်ဗျ။ အသတ်ခံရတဲ့သူထဲမှာ ဘာမှ ပတ်သက်မှုမရှိဘူး။ အမျိုးကတော့ အမျိုးပါပဲ။ ဒါက သက်သက်ကို သူတို့က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ ” လို့ ကိုအာခိုင်က ဆိုပါတယ်။
ဒါအပြင် လူသတ်မှု ကျူးလွန်သူတွေဟာ စစ်ကောင်စီက မွေးထားတဲ့ ပျူစောထီး တွေဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်သွားကာ ရွှေ၊ ငွေအပြင် ငွေကျပ်သိန်းနှစ်ရာကိုပါ ယူဆောင်သွားတယ်လို့လည်း ကိုအာခိုင်က စွပ်စွဲပြောဆိုပါတယ်။
” စစ်ကောင်စီက သူတို့ကို မနိုင်တော့ဘူး။ ပျူတွေ မွေးထားပြီးတော့ အဲဒီကောင်တွေက လုပ်ချင်ရာ လုပ်နေကြတာ ခုက၊ အခုက ရှိတဲ့ ရွှေ၊ ငွေတွေ အကုန်ယူတယ်။ လက်ပြန်ကြိုးတုပ်ပြီး လည်ပင်း လှီးသွားတယ်နော်။ ရည်ရွယ်ချက်ရှိရှိ သတ်သွားတာ ” လို့ ပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာအနီးပတ်ဝန်းကျင်မှာဆိုရင် အခုတပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တချို့ ကင်းလှည့်တာတွေ၊ တပ်စွဲထားတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒီလိုမျိုး မိသားစုလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဟာ ကန့်ဘလူမြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် ကျေးလက်နေပြည်သူတွေသာမက မြို့ပြနေထိုင်သူတွေကလည်း စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေကြပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်။