ပါကစ္စတန်မှာ တရုတ်နိုင်ငံသားတွေပါတဲ့ လုံခြုံရေး ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

သြဂုတ်၊ ၁၄

ပါကစ္စတန် နိုင်ငံမှာ တရုတ် နိုင်ငံသားတွေကို စောင့်ရှောက် လိုက်ပါလာတဲ့ လုံခြုံရေး ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်မှု ခံခဲ့ရကြောင်း သိရပါတယ်။

ဆိပ်ကမ်းမြို့ တခုဖြစ်တဲ့ ဂွာဒါမှာ ဩဂုတ် ၁၃ ရက်တုန်းက လေဆိပ်ကနေ ဆိပ်ကမ်းဧရိယာက ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆီ သွားရောက်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ အခြံအရံ ယာဉ်တန်းကို စစ်သွေးကြွတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန် လုံခြုံရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

တရုတ် အစိုးရဟာ သူတို့ရဲ့ အခြေခံ အဆောက်အအုံ မဟာ စီမံကိန်းကြီး တခုဖြစ်တဲ့ ရပ်ဝန်းတခု၊ လမ်းကြောင်းတခုအတွက် ပါကစ္စတန်ရဲ့ ဓာတ်သတ္တုရိုင်းတွေ ကြွယ်ကြွယ်ဝဝ ထွက်ရှိရာ ဘာလိုချီစတန် ပြည်နယ်ထဲမှာ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးထားပါတယ်။

အခုဖြစ်စဉ်မှာတော့ စီမံကိန်းနဲ့ ဆက်စပ်တဲ့ ဆိပ်ကမ်း ဆောက်လုပ်မှု တခုကို သွားရောက် စစ်ဆေးတဲ့ တရုတ် ကိုယ်စားလှယ်တွေ၊ အင်ဂျင်နီယာတွေကို စောင့်ရှောက် လိုက်ပါလာတဲ့ လုံခြုံရေး ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပါကစ္စတန် စစ်တပ်က စစ်သွေးကြွ ၂ ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရော၊ ခရီးသည်တွေပါ ထိခိုက်မှု မရှိခဲ့ဘူးလို့ ကြေညာပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ 

အကြမ်းဖက်သမားတွေက လက်နက်ငယ်တွေ၊ လက်ပစ်ဗုံးတွေ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် တုံ့ပြန် ဖြိုခွင်းနိုင်ခဲ့တယ်လို့ အမည်မဖော်သူ စစ်ဘက် အရာရှိ တဦးက ပြောပါတယ်။

ပါကစ္စတန် တောင်ပိုင်း၊ ကရာချိမှာ ဖွင့်လှစ်ထားတဲ့ တရုတ် ကောင်စစ်ဝန်ရုံးကတော့ ဒီတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တဖက်မှာ ဒေသခံ ခွဲထွက်ရေး အုပ်စုတခုဖြစ်တဲ့ ဘာလိုချီစတန် လွတ်မြောက်ရေးတပ် (BLA)က အဲဒီ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်ခဲ့ကြောင်း ကြေညာပြီး ပါကစ္စတန် စစ်တပ်ဖက်မှာ ထိခိုက်သေဆုံးမှုတွေ အတော်များများ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီ အဆိုကို တိတိကျကျ အတည်ပြုနိုင်တဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။

ဂွာဒါဟာ အာရေးဘီးယား ပင်လယ်ထဲက လောင်စာဆီ ကုန်သွယ်မှုတွေရဲ့ ပင်မလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားနားမှာ တည်ရှိပြီး မဟာဗျူဟာအရ အရမ်းအချက်အခြာကျတဲ့ မြို့တမြို့ပါ။ နှစ်နိုင်ငံ အစိုးရတွေကြား သဘောတူညီမှုအရ ဂွာဒါမှာ တရုတ်က ဦးဆောင်တဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

Ref: CNA