❝ စုဖွဲ့မှုတို့ မကျိုးပဲ့စေဖို့… ❞

သြဂုတ်၊ ၁၄
 
လက်ရှိ နွေဦးတော်လှန်ရေးကြီးအတွင်းမှာ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ စုဖွဲ့မှုတွေကို ဒေသအသီးသီးမှာ ပုံသဏ္ဌာန် အသီးသီးနဲ့ ဖော်ဆောင်နေကြပါတယ်။ ပြည်သူကို နေ့စဉ် ညှဉ်းဆဲနေတဲ့ အာဏာလု စစ်တပ်ကို အနိုင်ယူနိုင်ဖို့ ဒါမှမဟုတ် တော်လှန်ရေး ဘက်တော်သားတွေ အောင်ပွဲဝင်နိုင်ဖို့အတွက် ခိုင်မာ အားကောင်းတဲ့ စုဖွဲ့မှုတွေကလည်း အင်နဲ့အားနဲ့ ပေါ်ထွန်းလာဖို့ လိုအပ်နေတာ အသေအချာပါပဲ။ ဒီလို နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ စုဖွဲ့မှုတွေကို ဖော်ဆောင်ကြတဲ့အခါ မှန်ကန် ကောင်းမွန်တဲ့ သန္ဓေနဲ့ စုစည်း ချဲ့ထွင်မှသာ ခိုင်မာ အားကောင်းတဲ့ စုဖွဲ့မှုတွေ ဖြစ်တည်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖြစ်တည်နေတဲ့၊ ဖြစ်တည်ဖို့ ကြိုးပမ်းနေတဲ့ စုဖွဲ့မှုတွေကို မကျိုးပဲ့စေဖို့ ဒါမှမဟုတ် ခိုင်မာ အားကောင်းစေဖို့အတွက် လိုအပ်ချက်တွေကို ရည်မျှော်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
 
▪ စိတ်ရင်း၊ စေတနာ မှန်ကြဖို့ လိုအပ်တယ်
 
ဘယ်လို နည်းနာနဲ့ ချီတက်နေတဲ့ အင်အားစုမျိုးကို မဆို စုစည်းကြတော့မယ်၊ စုဖွဲ့ကြတော့မယ်လို့ စတင်တဲ့ အခါကတည်းက ” စိတ်ရင်း၊ စေတနာ မှန်မှန် ” နဲ့ တာထွက်ကြဖို့ လိုပါတယ်။ ” ပြည်သူတွေကို ပိုမို ကာကွယ် အလုပ်အကျွေးပြုနိုင်ဖို့၊ တော်လှန်ရေးကို ထပ်တိုး အပံ့အပိုး ဖြစ်စေနိုင်ဖို့၊ အနာဂတ် နိုင်ငံတော်သစ်အတွက် အားအင်တစ်ရပ် ဖြစ်စေဖို့ ” စတဲ့ စိတ်ရင်း၊ စေတနာ အမှန်တွေနဲ့ပဲ စုဖွဲ့မှုတိုင်းကို သ‌န္ဓေတည် အခြေပြုသင့်ပါတယ်။
 
ဒီလို စိတ်ရင်း၊ စေတနာမှန်တွေနဲ့ မစုဖွဲ့ကြတာမျိုး ဒါမှမဟုတ် စိတ်ရင်း၊ စေတနာမှန်တွေကို အယောင်ပြ၊ အပြောသက်သက်၊ အရေးသက်သက် သဘောလောက်နဲ့ စုဖွဲ့မှုမျိုးဟာ ကျိုးပဲ့လွယ်မှာပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ ” မိမိနှင့် မိမိအစုအဖွဲ့ကို လူသိများ နာမည်ကျော်စေဖို့၊ တော်လှန်ရေး အမိုးအောက်မှာ ရှိနေကြလင့်ကစား မိမိတို့နှင့် သဘောထား/ရပ်တည်ချက် မတူတဲ့ အစုအဖွဲ့တွေအပေါ် လက်ဦးမှု ရယူ အနိုင်ပြုဖို့၊ အခွင့်အခါကြုံတုန်း ရသမျှ နှိုက်လို့ မိမိနှင့် မိမိအစုအဖွဲ့အတွက် အကျိုးအမြတ် ထွက်စေဖို့… ” စတဲ့ စိတ်ယုတ်မာတွေနဲ့ ချဉ်းကပ် စုဖွဲ့ကြမယ်ဆိုရင်ဖြင့် မိတ်ဖက်ထက် ရန်ဖက်က ပိုလို့ များလာမှာပဲ ဖြစ်ပါတယ်။
 
▪ ရည်ရွယ်ချက်တွေ မှန်ကြဖို့ လိုအပ်တယ်
 
နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ” အာဏာရှင်စနစ် အားလုံး အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေး ” ဆိုတာကတော့ အများသူငါ သိရှိ လက်ခံထားတဲ့ အန္တိမ ဘုံပန်းတိုင်လို့ ဆိုနိုင်ပါတယ်။ ဒီအန္တိမ ဘုံပန်းတိုင် ရည်ရွယ်ရာကို ထိရောက် အောင်မြင်စေဖို့ အတွက် အစုအဖွဲ့တိုင်းဟာ ရည်ရွယ်ချီတက်ရမှာ ဖြစ်ပါတယ်။
 
နိုင်ငံရေးဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ဆိုရင် မိမိတို့ အစုအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေ၊ သတင်းစကားတွေ၊ ဆွေးနွေးတင်ပြမှုတွေ အားလုံးဟာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရဲ့လား၊ အပံ့အပိုး ဖြစ်စေရဲ့လားဆိုတာ အမြဲ ဆန်းစစ်ကြရမှာ ဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အစုအဖွဲ့တွေကလည်း မိမိတို့ရဲ့ စုဖွဲ့မှု၊ ပြင်ဆင်မှု၊ တိုက်ပွဲဝင် လုပ်ဆောင်မှု အားလုံးဟာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ကို အထောက်အပံ့ဖြစ်စေသလား၊ အကျိုးပြုရဲ့လားဆိုတာကို တောက်လျှောက် သတိချပ်ရမှာ ဖြစ်ပါတယ်။ ဒီလို တစ်စုတစ်ဖွဲ့ချင်းဆီက တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီဖို့၊ အပံ့အပိုးဖြစ်ဖို့ လိုအပ်သလို တစ်စုတစ်ဖွဲ့ချင်းဆီကနေ ထပ်ပြီး စုစည်းကြ၊ စုဖွဲ့ကြမယ့် နိုင်ငံရေး/စစ်ရေး စုဖွဲ့မှုတွေဟာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ ပိုလို့ကို ညီညွတ်၊ အထောက်အပံ့ဖြစ်ကြရမှာပါ။
 
ဒီလို မဟုတ်ပါပဲ… တော်လှန်ရေးရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့ ကိုယ်ကျိုးစီးပွား ဆိုင်ရာ ပုဂ္ဂလ ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ် စုဖွဲ့ကြတာမျိုး၊ တော်လှန်ရေး အင်အားစုတွေကြားမှာ စည်းရုံးရေးဆန်ကြရမယ့်အစား အကန်၊ အကွဲ၊ အပြဲတွေကို ပဓာနပြုလို့ တစ်စင်ထောင် စုဖွဲ့ကြတာမျိုး …. စတဲ့ ရည်ရွယ်ချက်အလွဲတွေနဲ့ စုဖွဲ့ကြတယ် ဆိုရင်ဖြင့် ကျိုးပဲ့လွယ်တဲ့ စုဖွဲ့မှုတွေ ဖြစ်လာမှာ မလွဲပါပဲ။
 
▪ လုပ်နည်းလုပ်ဟန်တွေ မှန်ကြဖို့ လိုအပ်တယ်
 
နိုင်ငံရေး/ စစ်ရေး အင်အားစုတိုင်းမှာ မိမိတို့ အဖွဲ့အစည်း အလိုက် လုပ်နည်းလုပ်ဟန်တွေ ရှိကြပါတယ်။ လိုအပ်ချက်အရ ရေးဆွဲပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ကြရသလို လိုက်နာအပ်တဲ့ ကျင့်ဝတ်တွေကိုလည်း ကျင့်သုံးကြရပါတယ်။ အင်အားစု‌တွေမှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကြပုံ၊ ကျင့်ဝတ်တွေနဲ့ လည်ပတ်ကြပုံချင်း မတူညီနိုင်ပေမယ့် လုပ်နည်းလုပ်ဟန် အားလုံးဟာ ဖက်ဒရယ် ဝိညာဉ်နဲ့ ဒီမိုကရက်တစ် နှုန်းစံတွေကို တန်ဖိုးထား ဌာပနာပြီး ချီတက် ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။
 
ဒီလို အင်အားစုတွေကို ထပ်ဆင့် စုစည်းကြ၊ စုဖွဲ့ကြတဲ့ အခါမျိုးမှာဆိုရင် ဖက်ဒရယ် ဝိညာဉ်နဲ့ ဒီမိုကရက်တစ် နှုန်းစံတွေကို ပိုလို့ကို အသက်ဝင် ရှင်သန်နေအောင် ကြိုးပမ်းဖို့ လိုပါတယ်။ မရှိမဖြစ် အခြေခံကောင်းတွေ အနေနဲ့ ” စုဖွဲ့တဲ့ ရည်ရွယ်ချက်နဲ့ စုဖွဲ့မှု ပုံစံအလိုက် ပါဝင်သင့် ပါဝင်ထိုက်တဲ့ အင်အားစု/ပုဂ္ဂိုလ်တွေကို အသေအချာ ပါဝင်စေဖို့ အခင်းအကျင်းတွေ ဖန်တီးဖို့နဲ့ မတူကွဲပြားမှုတွေကို လက်ခံတဲ့ ညီညွတ်မှုကို ဖော်ဆောင်နိုင်အောင် စီမံဖို့ ” လိုပါတယ်။
 
ဆန့်ကျင်ဖက် အနေနဲ့ ” လက်သင့်ရာ စားတော်ခေါ်ပြီး နီးစပ်ရာ အဖွဲ့/ပုဂ္ဂိုလ်တွေနဲ့ပဲ စုဖွဲ့တာမျိုး၊ မိမိတို့ အစုအဖွဲ့နှင့် သဟဇာတ မဖြစ်တဲ့ အစုအဖွဲ့‌တွေကို မချိတ်ဆက်တာ/ ချန်လှပ်ထားတာမျိုး၊ အခြား အင်အားစုတွေထက် လက်ဦးမှုရဖို့ အလောသုံးဆယ် စုဖွဲ့တာမျိုး၊ စနစ်တကျ အကြေအလည် စုဖွဲ့မှုထက် တစ်စုတစ်ဖွဲ့တည်းရဲ့ အစီအစဉ်တွေကို အတင်း တွန်းအားပေး ဖော်ဆောင်တာမျိုး… ” စတဲ့ လုပ်နည်း လုပ်ဟန် ပုံစံတွေနဲ့သာ ချဉ်းကပ်ကြမယ်ဆိုရင် စုဖွဲ့မှုတွေဟာ တာရှည်မခံ အကျိူးအပဲ့ မြန်ပါလိမ့်မယ်။
 
▪ မကျိုးပဲ့လို့ တိုးတက်ကြပါစေ
 
အနှစ်ချုပ်ရရင် လက်ရှိ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ဖို့နဲ့ အနာဂတ် နိုင်ငံသစ်အတွက် နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ စုဖွဲ့မှုတွေက ခိုင်ခိုင်မာမာ ပေါ်ထွန်း ဖြစ်တည်ဖို့ အားစိုက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို အားစိုက် စုဖွဲ့ကြရာမှာ တော်လှန်ရေးအတွက် ဘေးမဖြစ်စေဖို့နဲ့ ပြည်သူ‌တွေ မျက်နှာမငယ်စေဖို့ ” စိတ်ရင်း၊ စေတနာ မှန်၊ ရည်ရွယ်ချက် မှန်နဲ့ လုပ်နည်းလုပ်ဟန် မှန် ” ဖြင့် ချီတက်ကြရင်း မကျိုးမပဲ့ တိုးတက်တဲ့ စုဖွဲ့မှုတွေ ဖြစ်ပေါ် တည်တံ့စေဖို့ တိုက်တွန်းလိုက်ရပါတယ်။
 
ချစ်ဝင်းမောင် (မြေလတ်)