သြဂုတ်၊ ၁၄
မုန်တိုင်း နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကြိုတင် ကာကွယ်မယ့် အစီအမံတွေ ပေါ့လျော့ ပျက်ကွက်ခဲ့တဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်းခဲ့ကြောင်း သိရပါတယ်။
အပူပိုင်းမုန်တိုင်း ခါနွန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကိုရီးယား ကျွန်းဆွယ်ကို ဖြတ်သန်း တိုက်ခတ်သွားခဲ့ပါတယ်။ အဲဒီ မုန်တိုင်းဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်လာတဲ့နောက် ကိုရီးယား ကျွန်းဆွယ်ဖက်ကို ဆက်လက် ဦးတည် ရွေ့လျားခဲ့ပြီး တောင်ကိုရီးယားမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီနောက် မုန်တိုင်းဟာ မြောက်ပိုင်းမှာရှိတဲ့ ကွန်မြူနစ် အာဏာရှင်စနစ် ထွန်းကားရာ နိုင်ငံဆီ ဆက်လက် ဦးတည် ရွေ့လျားခဲ့တာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ခွဲခြားပြီး အထီးကျန် ရပ်တည်နေသလို အခြေခံ အဆောက်အအုံ အားနည်းချက်တွေ ကြီးကြီးမားမား ရှိနေတဲ့ မြောက်ကိုရီးယားဟာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်း မရှိဘူးလို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် အလွန်အကျွံ သစ်ခုတ်မှုတွေကလည်း နိုင်ငံမှာ ရေကြီးမှုတွေ ဖြစ်ပေါ်လာတဲ့အခါ သဘာဝ အဟန့်အတား မရှိတော့ဘဲ ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ နိုင်ငံ အရှေ့ပိုင်း၊ အန်ဗြောင်ခရိုင်က ရေဘေးသင့် ဒေသတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပြီး ကင်က ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ကြိုတင် ပြင်ဆင်မှု အားနည်းချက်ကိုရော၊ ခံယူချက်ပိုင်းကိုပါ ပြင်းပြင်းထန်ထန် ဆူပူ ဝေဖန်ခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဗဟိုအစိုးရဆီက သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အစီအမံတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက လိုက်နာ အကောင်အထည်ဖော်မှု အားနည်းခဲ့ကြောင်း၊ ဒါကြောင့်လည်း အန်ဗြောင်ဟာ တခြားဒေသတွေထက် ရေကြီးမှုဒဏ်ကို ပိုပြီး ဆိုးဆိုးရွားရွား ခံစားခဲ့ရကြောင်း KCNAက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ စားနပ်ရိက္ခာ မဖူလုံတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ဖေဖော်ဝါရီလမှာ အဲဒီကိစ္စအတွက် အစိုးရကပါ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ရပါတယ်။ အခုတော့ လယ်ယာစိုက်ခင်း အများအပြား ရေဖုံးလွှမ်း ပျက်စီးကုန်တဲ့အတွက် စားနပ်ရိက္ခာ ပြဿနာက ပိုဆိုးလာမယ့် အလားအလာတွေ ရှိနေပါတယ်။ မြောက်ကိုရီးယား နိုင်ငံမှာ အငတ်ဘေး ဆိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ပေါ်ခဲ့ဖူးပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းလောက်မှာဆိုရင် အငတ်ဘေးကြောင့် လူပေါင်း သိန်းဂဏန်းနဲ့ သန်းဂဏန်းလောက်ထိ သေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။
Ref: CNA