သြဂုတ်၊ ၁၄
နာမည်ကျော် ဒုစရိုက် ဂိုဏ်းခေါင်းဆောင် တဦးကို ထောင်အပြောင်းအရွှေ့ လုပ်ဖို့အတွက် အီကွေဒေါ စစ်တပ်နဲ့ ရဲအင်အား ထောင်ဂဏန်းလောက်ထိ အသုံးပြုခဲ့ရကြောင်း သိရပါတယ်။
ဖီတိုလို့ လူသိများပြီး လက်ရှိ အကျဉ်းကျနေတဲ့ မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် ဟိုဆေး အဒိုလ်ဖို မာစီရက်စ်ဟာ အီကွေဒေါ သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် ဖာနန်ဒို ဗီလာဗီယန်စီယိုကို လုပ်ကြံသတ်ဖြတ်မယ်လို့ ပြင်ပမှာ ရှိနေတဲ့ သူ့ရဲ့ ဂိုဏ်းသားတွေကနေတဆင့် ခြိမ်းခြောက်ထားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အဂတိ တိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူ တဦးလည်းဖြစ်တဲ့ ဗီလာဗီယန်စီယိုဟာ မဲဆွယ် စည်းရုံးမှု တခုကနေ အပြန် ကားပေါ်အတက်မှာ သေနတ်နဲ့ အနီးကပ် ၃ ချက် အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ သေနတ်သမားကတော့ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
လုပ်ကြံမခံရခင်မှာ ဗီလာဗီယန်စီယိုက သူဟာ ဖီတိုရဲ့ လော့စ်ချိုနာရို့စ်ဂိုဏ်းအကြောင်း ထုတ်ဖော် ဝေဖန်တာတွေ ဆက်လုပ်နေမယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပြောကြားခဲ့ဖူးပါတယ်။ တောင်အမေရိကနဲ့ အလယ်ပိုင်း အမေရိက နိုင်ငံတချို့မှာ မူးယစ်မှောင်ခိုဂိုဏ်းတွေ၊ ရာဇဝတ်ဂိုဏ်းတွေ သောင်းကျန်းလေ့ ရှိပေမယ့် အီကွေဒေါကတော့ အဲဒီ အခြေအနေမျိုးကနေ ဆယ်စုနှစ်တွေနဲ့ချီ ကင်းကွာ သက်သာရာ ရနေခဲ့ရာက ဗီလာဗီယန်စီယို လုပ်ကြံခံရတဲ့ ဖြစ်စဉ် ပေါ်ပေါက်လာတဲ့အခါ တနိုင်ငံလုံး တုန်လှုပ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွက် ကိုလံဘီယာနဲ့ မက္ကဆီကို စိမ့်ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ ဒုစရိုက်မှုတွေကတော့ တဖြည်းဖြည်းချင်းစီ မြင့်တက်လာနေပါတယ်။
ဒုစရိုက် ဂိုဏ်းခေါင်းဆောင် ဖီတိုဟာ ဂိုင်ယာကွေးလ်မြို့က အမှတ် ၈ အကျဉ်းထောင်ကြီးမှာ ၂၀၁၁ ခုနှစ် ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံထားရတာပါ။ ရဲတွေနဲ့ စစ်သားတွေက သူ့ကို လုံခြုံရေး အစီအမံတွေ အတင်းကျပ်ဆုံးဖြစ်တဲ့ လာရိုကာ အကျဉ်းထောင်ဆီ ရွှေ့ပြောင်းချိန်မှာ အခုလိုမျိုး လုံခြုံရေး အင်အား အလုံးအရင်း အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အီကွေဒေါ သမ္မ ဂီလာမာ လက်ဆိုက ပြောပါတယ်။
အီကွေဒေါဟာ ဂျာနယ်လစ် ဘဝကနေ ပြောင်းလဲလာတဲ့ သမ္မတလောင်း လုပ်ကြံခံရမှု အပြီးမှာ ကတည်းက အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ လူထုအမြင် စစ်တမ်းတွေမှာ ဗီလာဗီယန်စီယိုဟာ ဒုတိယ လူကြိုက်အများဆုံး သမ္မတလောင်းတဦး ဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲ ထပ်ဝင်တော့မှာ မဟုတ်တဲ့ လက်ရှိ သမ္မတ လက်ဆိုကတော့ အဲဒီ လုပ်ကြံမှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှုလို့ စွပ်စွဲ ပြောဆိုထားပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ရဲတပ်ဖွဲ့ဟာ လုပ်ကြံမှုနဲ့ ဆက်နွှယ်တယ်လို့ ယူဆရတဲ့ ကိုလံဘီယာ နိုင်ငံသား တချို့ကို ဖမ်းဆီးလိုက်ကြောင်းလည်း သိရပါတယ်။
Ref: BBC