ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ကို ဖမ်းဆီးပြီး နှစ်လနီးပါးအကြာမှာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ

သြဂုတ်၊ ၁၃
 
စစ်ကောင်စီတပ်က နှစ်လနီးပါးကြာ ဖမ်းဆီးထားတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
 
” ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ ဒီနေ့ အမေ့ကို ခေါ်လိုက်လို့ သွားတွေ့တာ တွေ့ခွင့်ရတယ်တဲ့။ နေကောင်းတယ်လို့တော့ ကြားတယ်။ လောင်းလုံးမှာပဲ ထားမယ်ထင်တယ်။ ၅၀၅(က) အမှုတွေက လောင်းလုံးတရားရုံးမှာပဲ ရုံးထုတ်တာထင်တယ်။ ဘယ်နေ့ရုံးထုတ်မလဲဆိုတာတွေတော့ မသိရသေးဘူး ” လို့ ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။
 
ဦးအောင်ဖေကို အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုတာဖြစ်ပေမယ့် ဘယ်နေ့က တရားစွဲတယ်ဆိုတာတော့ အတိအကျ မသိရဘူးလို့လည်း မိသားစုဝင်တွေက ဆိုပါတယ်။
 
အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးအောင်ဖေကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ နေ့လယ်ပိုင်းက လောင်းလုံးမြို့နဲ့ ကပ်လျက် ပြင်းထိန်ကျေးရွာရှိ နေအိမ်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် သုံးဆယ်လောက်က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လောင်းလုံးမြို့မရဲစခန်းမှာ အချုပ်ချထားခဲ့တာပါ။
 
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေကတော့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေတဲ့အချိန် ကျောင်းသားသမဂ္ဂ လက်ပတ်တခုနဲ့ လက်ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေ လုပ်နေတဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ အင်္ကျီတထည် သိမ်းဆည်းရမိတယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
” အဲဒါနှစ်ခုတွေ့တယ်ဆိုပြီး တရားစွဲလိုက်တာဖြစ်မှာ။ အပြစ်ရှာမတွေ့တော့ ရတဲ့နည်းနဲ့ လုပ်တာနေမှာပေါ့။ လက်ပတ်တွေ့တယ်ဆိုတာကလည်း မဖြစ်နိုင်ဘူး၊ သူတို့ရှာတော့ စာအုပ်ဗီရိုအောက်မှာတွေ့တယ်ပြောတယ်၊ ဒါပေမယ့် အဲအောက်မှာက အမြဲတံမြက်စည်းလှဲနေကြ ” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။
 
ဦးအောင်ဖေဟာ လက်ရှိနိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်သူမဟုတ်ဘဲ နေအိမ်မှာ သာမန်နေထိုင်ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးတဲ့အချိန်ကလည်း ဦးအောင်ဖေနဲ့အတူ အသက် ၁၈ နှစ်ခန့်ရှိ အခြားအိမ်နီးချင်း လူငယ်အမျိုးသားတဦးကိုပါ ဖမ်းဆီးသွားခဲ့ပြီး သူ့ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ သပိတ်ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းလွင်ဦးကို ဖမ်းဝရမ်းနှစ်ကြိမ်ထုတ်ထားပြီး ဖမ်းဆီးသတင်းပေးသူတွေကိုလည်း ကျပ် သိန်းသုံးရာ ချီးမြှင့်မယ်လို့ ဆုကြေးငွေထုတ်ဖူးပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုမင်းလွင်ဦးကိုရဲ့မိခင်ဖြစ်သူကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပတ်လောက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဓာတ်ပုံ – CJ