သြဂုတ်၊ ၁၃
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့က လေဆိပ်မှာ ကော့သောင်းဒေသခံမဟုတ်တဲ့ ခရီးသည်တွေက စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို လမ်းရှင်းကြေးဆိုပြီး ပိုက်ဆံတသိန်းခွဲကနေ နှစ်သိန်းကြား ပုံမှန်ပေးနေရတယ်လို့ သိရပါတယ်။
“လေယာဉ်ဆင်းတာနဲ့ မှတ်ပုံတင်တွေ ပေးရတယ်လေ။ လဝက ကို၊ အဲမှာသူတို့ကြည့်ပြီး ကော့သောင်းနယ်ခံမဟုတ်ရင် ခေါ်သွားတယ်။ အဲကျပိုက်ဆံတောင်းတာ၊ ပိုက်ဆံမပေးရင် မလွှတ်ဘူး” လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသွားအမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
ကော့သောင်းမြို့နယ် သန်းခေါင်စာရင်းထဲမှာ နာမည်စာရင်းမပါရှိသူနဲ့ ကော့သောင်းမှတ်ပုံတင် ၆/ကသန(နိုင်) ကိုင်ဆောင်တာမဟုတ်တဲ့ ဘယ်သူမဆို အခုလို ပေးဆောင်ရတာဖြစ်ပြီး တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်အစရှိတဲ့ တိုင်းတွင်းက ခရီးသွားတွေပါ ပေးဆောင်နေကြရတာပါ။
“လာကြိုမယ့်လူက ပိုက်ဆံကြိုပေးထားလို့ရတယ်။ ကြိုပေးထားရင် နာမည်နဲ့ မှတ်ပုံတင်နံပါတ်ကို သူတို့မှတ်ထားလိုက်တယ်။ အဲလို ပိုက်ဆံကြိုပေးထားရင် လေယာဉ်ပေါ်က ဆင်းပြီး မှတ်ပုံတင်စစ်တဲ့နေရာမှာ ဘာမှမမေးတော့ဘူး။ ပိုက်ဆံပေးထားတဲ့ စာရင်းထဲ ကိုယ့်နာမည်နဲ့ မှတ်ပုံတင်နံပါတ်ပါနေရင် လွှတ်လိုက်တယ်။ ကျွန်မတုန်းက တသိန်းခွဲပေးရတယ်၊ ကြိုပေးခိုင်းထားတာ။ နှစ်သိန်းကျော်ပေးရတဲ့လူတွေလည်းရှိတယ်၊ ဘာအကြောင်းပြချက်မှမရှိဘူး၊ သက်သက်လုပ်စားတာ” လို့ အဲဒီ ခရီးသွား အမျိုးသမီးကပြောပါတယ်။
ကော့သောင်းဒေသခံတွေကတော့ အခုလို ပိုက်ဆံတရားမဝင်ကောက်ခံနေတာကို စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်(စရဖ) တပ်ဖွဲ့ဝင်တွေက အဓိက လုပ်ဆောင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးကတည်းကနေ အခုထိ ကောက်ခံနေတာလို့ ပြောကြပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲက မဟုတ်တဲ့ ခရီးသည်တွေက ပိုက်ဆံပိုပေးနေရပြီး ပိုက်ဆံကြိုမပေးထားလို့ ရဲစခန်းအထိ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးလည်း ရှိတယ်လို့ ပြောကြပေမယ့် အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာမသိရဘူး။
“ကျွန်မ အစ်မရဲ့သူငယ်ချင်းတယောက် ၁၄/(ဧရာဝတီတိုင်းမှတ်ပုံတင်)ထင်တယ်၊ ရွာသွားပြီး လေယာဉ်နဲ့ ပြန်လာတာကို ဖမ်းထားတယ်၊ မလွှတ်ဘူး၊ နယ်ခံမရှိဘူးဆိုပြီးလေ။ ပြီးမှ ရဲစခန်းခေါ်သွားတယ်။ ရဲစခန်းမှာ ညီအစ်မနှစ်ယောက် ငါးသိန်းလား ၊ခြောက်သိန်းလားမသိဘူး ပေးလိုက်ရတယ်” လို့ ကော့သောင်းမြို့ခံတဦးက DNA ကို ပြောပါတယ်။
Delta News Agency က မေးမြန်းခဲ့တဲ့ အခြား ခရီးသည် ငါးဦးကလည်း ကော့သောင်းလေဆိပ်မှာ အခုလို ပိုက်ဆံပေးရတယ်ဆိုတာကို အတည်ပြုပြောကြားပေမယ့် ထားဝယ်နဲ့ မြိတ် လေဆိပ်တွေမှာတော့ အခုလို ပိုက်ဆံပေးရတာမျိုး မရှိပါဘူး။
ထားဝယ်-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီးတလျှောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အစကတည်းကနေ အခုထိ စစ်ကောင်စီတပ်တွေနဲ့ PDF တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ကော့သောင်းမြို့ကိုသွားမယ့် ခရီးသည်အများစုကတော့ လေယာဉ်ကိုသာ အသုံးပြုသွားလာကြပါတယ်။
မြန်မာနိုင်ငံ တောက်ဘက်စွန်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကော့သောင်းမြို့ဟာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အသွားအလာများတဲ့ နေရာတခုဖြစ်သလို အခြားဒေသကနေ ရောက်လည်ပတ်သူတွေလည်း များပြားပါတယ်။