ဖြူးမြို့မှာ တိုက်ပွဲမရှိဘဲ နှစ်ရက်ဆက်လက်နက်ကြီးနဲ့ပစ်လို့ တဦးဒဏ်ရာရ၊နေအိမ်တချို့ပျက်စီး

သြဂုတ်၊ ၁၃

ပဲခူးတိုင်း ဖြူးမြို့နယ်၊ ရှားပင်ချောင်ကျေးရွာနဲ့ အနီးတဝိုက်ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတဦး

ဒဏ်ရာရပြီးနေအိမ်တချို့ထိခိုက်ပျက်ဆီးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“ မနေ့ကတော့ ရွာသားတဦးထိသွားတာပေါ့ ဒီကနေ့ကတော့ လောလောဆယ်ရရှိတဲ့ သတင်းအရတော့ အိမ်တလုံးကြေသွားတယ်လိုသိထားရတယ်။ ကျန်တဲ့နေရာတွေ ထပ်ပြီးတော့ ရရင်လည်း ရနိုင်သေးတယ် ဘာထိသလဲတော့ မသိသေးဘူးနော် ။လောလောဆယ်တော့ ထိခိုက်မှုမရှိဘူးလို့   အကြမ်းဖျင်းသိထားတာပေါ့ ” လို့ အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း ကတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၁၂ ရက် မနေ့ကစပြီးလက်နက်ကြီးနဲ့ပစ်ခတ်လို့ ရှားပင်ချောင်ရွာသား တဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီကနေ့ထပ်မံပစ်ခတ်မှုအတွက် ထိခိုက်မှုခြေနေတွေကို စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲဒီနေရာမှာ မနေ့ကလည်း တကြိမ် ။အခုဒီနေ့တကြိမ်ပေါ့။ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ ကျနော်တို့ တပ်ရဲ့ လှုပ်ရှားမှုအပေါ်မူတည်ပြီးတော့ ရှိတဲ့ရွာတွေကို လိုက်ရမ်းပစ်နေတာပေါ့။ ရွာတွေထဲကို ပြည်သူတွေကြားထဲကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်ထည့်တာတွေက အကြိမ်ကြိမ် များနေပြီ” လို့အဲဒီတာဝန်ရှိသူကဆိုပါတယ်။

စစ်ကောင်စီတပ်က အင်အား ငါးဆယ်လောက်နဲ့ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဖြူးမြို့နယ် ကြူအင်းရွာဝင်ရောက်ခဲ့ပြီး အဲဒီရွာကနေတဆင့် စစ်တောင်းမြစ်အရှေ့ဖက်ကမ်းရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့  ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ဖြူးမြို့နယ် ရှားပင်ချောင်ရွာထဲကို ခြောက်လုံးကျရောက် ပေါက်ကွဲခဲ့သလို ထန်းတပင် ဇလုပ်ကြီးရွာထဲကို လေးလုံး ကျရောက်ခဲ့ပေမယ့် နှစ်လုံးသာ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်နေတာဖြစ်သလို ထန်းတပင်မြို့ ဇရပ်ကြီး အခြေစိုက် ခမရ (၇၃) တပ်မှလဲ ၁၂၀ မမ အမြှောက်တွေနဲ့ပါ ပစ်ခတ်နေတာလို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အခုလို ပစ်ခတ်နေပေမယ့် လ အဲဒီကျေးရွာက ဒေသခံတွေဟာလတ်တလောအချိန်အထိစစ်ရှောင်ခြင်းမရှိသေးဘဲ ကျေးရွာအတွင်းမှာ ဆက်လက်နေထိုင်နေဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

 ဖြူးမြို့နယ် ၊အောက်ကြာအင်းရွာမှာဒီလ ၉ ရက်က  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဆယ်လောက်သေဆုံးခဲ့တဲ့အတွက် ဒေသခံခုနှစ် ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Photo_အထူးကွန်မန်ဒိုတပ်ရင်း၊တောင်ပိုင်းတိုင်း