သြဂုတ် ၊ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းတပ်ရင်းဗျူဟာအနီးမှာ မနေ့က ဩဂုတ်လ ၁၂ ရက်က လက်နက်ကိုင်လူတစုက ဒေသခံသားအဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး စီးလာတဲ့ကားကိုပါမီးရှို့ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညနေ ၆ နာရီ၀န်းကျင်လောက်မှာ ကြိမ်ချောင်းနဲ့ လောင်းဒုံရွာတို့အကြားလမ်းပိုင်းမှာ လက်နက်ကိုင်လာတဲ့ လူ ၂၀ ခန့်က ဖမ်းဆီးသွားခဲ့တာလို့ ဆိုကြပါတယ်။
“လမ်းကို ပိတ်ပြီး အဲဒီကားအလာကို စောင့်ဖမ်းသွားတာ၊ ပါလာတဲ့ လူနှစ်ယောက်ကို ဖမ်းသွားတယ်။ ကားကိုလည်း အဲနားမှာ မီးရှို့ပစ်ခဲ့တယ်။ ဒီမှာတော့ ARSA က ဖမ်းတာလို့ ပြောကြတယ်”လို့ မောင်တောမြောက်ပိုင်းဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
ARSA ကဖမ်းဆီးတာဖြစ်နိုင်တယ်ဆိုတဲ့ ဒေသခံပြောဆိုချက်နဲ့ပတ်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။
အဲဒီလို ဖမ်းဆီးခဲ့ရသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း စံပယ်ကုံးမူဆလင်ကျေးရွာက မွတ်ဆလင်လူမျိုး လုပ်ငန်းရှင် သားဖနှစ်ဦးဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတဲ့ အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
“စီးပွားရေးကိစ္စတွေက သိတဲ့အတိုင်းပဲလေ၊ အဲဒါတွေကြောင့်ဖြစ်မယ်ထင်တယ်။ ပြီးရင် ဂိုဏ်းဂနကိစ္စတွေလည်း ပါမယ်ထင်တယ်”လို့ မောင်တောဒေသခံက ပြောပါတယ်။
အဲဒီလို ကားမီးရှို့ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ နေရာဟာ စစ်ကောင်စီရဲ့ ကြိမ်ချောင်းဗျူဟာနဲ့ နီးသလို အဲဒီတစ်ဝိုက်မှာလည်း စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေ များစွာ ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်သားတွေကတော့ လက်ရှိအချိန်အထိ လှုပ်ရှား၊ ရှာဖွေတာ မတွေ့ရသေးဘူးလို့ ကြိမ်ချောင်းအနီးတဝိုက်မှ ဒေသခံတွေက ပြောကြပါတယ်။
“ဒီဘက်မှာ လောင်းဒုံနယ်ခြားစောင့်စခန်းရှိတယ်၊ ဒီဘက်မှာဆိုရင် ကြိမ်ချောင်းဗျူဟာ၊ ဟိုဘက်တွေမှာလည်း နယ်ခြားစောင့်စခန်းတွေ၊ တပ်ရင်းတွေလည်း ရှိတယ်။ အဲလိုအခြေအနေမှာ ဘယ်လိုလုပ်ရှားလို့ ရနေလဲ စဉ်းစားစရာပေါ့”လို့ မောင်တောမြိ့နယ်မှ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု ဇွန်လ ၁၆ ရက်နေ့ကလည်း အခုဖြစ်တဲ့ နေရာအနီးမှာပဲ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ (မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနဲ့ လက်ထောက်ဆရာမတို့ကို ARSA အဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ဖူးပါတယ်။
ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း ARSA နဲ့ ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ARSA ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ရဲစခန်းနဲ့ တပ်စခန်းအချို့ကို ဝင်ရောက် တိုက်ခတ်ရာကနေ စတင်ပေါ်လာခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း စစ်တပ်နဲ့ မကြာခဏ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရခိုင်ပြည်နယ်ကို နောက်ဆုံးအကြိမ်ရောက်လာခဲ့တဲ့ ဇူလိုင်လတုန်းက ဘူးသီးတောင်မြို့နယ်သို့ သွားရောက်ခဲ့ပြီး အဲဒီနောက်မှာပဲ ARSA ရဲ့လှုပ်ရှားမှုတွေ တကျော့ပြန် ပေါ်လာခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။