ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံငါးဆယ်ခန့်ကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုးနေ

သြဂုတ် ၊ ၁၃

ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ကာ သြဂုတ်လ ၈ ရက်နေ့ကနေ ဒီကနေ့ ၁၃ ရက်အထိ ခြောက်ရက်ကြာ စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့(စစ်တပ်)ချည်းသွားရင် ပစ်ခံထိမှာပဲ၊ ဒါကြောင့် ရွာသားတွေကိုဖမ်းတာ” လို့ နဘုလယ် ဒေသ၊ လဲရှောင်ရွာခံတဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေထဲ အသက် နှစ်ဆယ်ကနေ ခြောက်ဆယ်ကြားရှိတဲ့ အမျိုးသားတွေသာမက  အမျိုးသမီးတွေပါဝင်တယ်လို့ ဒေသခံတွေက ဆိုကြပေမယ့် အမျိုးသမီးဘယ်လောက်၊ အမျိုးသားဘယ်လောက်ဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

ထားဝယ်ရေနက်ဆိပ်ကမ်းရှိ တပ်စခန်းကနေ သြဂုတ်လ ၈ ရက်က ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်ဟာ စစ်ကြောင်းသုံးကြောင်းလောက်ခွဲပြီး ဝက်ချောင်း၊ မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်း၊ ဝဇွမ်းတော၊ ဧကနိ စတဲ့ ကျေးရွာတွေဘက်ကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးသွားလာနေကြတာပါ။

လက်ရှိအချိန်ထိတော့ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ငါးဆယ်ဝန်းကျင်ရှိပြီလို့သိရပြီး စစ်ကြောင်းတလျှောက် ရွာတွေက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ ဖောက်ထွင်းဝင်ရောက် ခိုးယူတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ငါးဆယ်လောက်နီးပါးကို ဖြစ်နေပြီ ဖမ်းထားတာက၊ ရွာစဉ်လျှောက်ဖမ်းတာ။ ပထမဆုံးနေ့(သြဂုတ် ၈) ခမောင်းချောင်းကို ဝင်တော့ နေအိမ်တွေကို ဖောက်တယ်၊ အိမ်ထဲက ပစ္စည်းတွေကိုလည်း ဖျက်ဆီးတယ်။ ပြီးရင် အသက်ကြီးပိုင်းထဲက ရွာသား သုံးယောက်လောက်ကို ဖမ်းသွားတယ်။ မူးဒူး၊ လဲရှောင်ဘက်ကနေ ဖမ်းလာတာလည်းရှိတယ်၊ ပထမတနေ့မှာတင် စုစုပေါင်း ဆယ်ယောက်လောက်ဖမ်းခံထိတာ” လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်က အခုလို ရွာခံတွေကို ဖမ်းဆီးခေါ်ဆောင်တာဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို စိုးရိမ်လို့ လူသားဒိုင်းအနေနဲ့ အသုံးချနေတယ်လို့ ယူဆကြပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးသွားလာတဲ့နေတဲ့အချိန် ပစ်ခတ်သံတွေလည်းကြားနေရပြီး ခြောက်လှန့်ပစ်ခတ်တာလား၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )တွေနဲ့ တိုက်ပွဲဖြစ်တာလားဆိုတာ အတိအကျ မသိရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဝဇွမ်းတော၊ ဧကနိ၊ ရငဲ ကျေးရွာတွေဘက်က ဒေသခံတထောင်ကျော် ရှောင်တိမ်းနေကြရပြီး နီးစပ်ရာ ရွာတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတတိယပတ်ထဲကလည်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် တရာကျော်ဟာ  ဇာဒီကျေးရွာကနေတဆင့် မိုင်နှစ်ဆယ်လောက်ဝေးတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဘက်ကို လမ်းတလျှောက်က ရွာခံ လေးဆယ်ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးလာခဲ့ပါတယ်။

လက်ရှိ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေတဲ့တပ်ဖွဲ့တွေထဲမှာလည်း ကံပေါက်ဒေသဘက်ကနေ အင်အားလာဖြည့်ထားတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် တိုက်ပွဲအခြေအနေကိုတော့ တိတိကျကျမသိရပါဘူး။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်လောက်ကတည်းက ရပ်နားထားရတဲ့ ထားဝယ်အထူးစီးပွားရေဇုန်စီမံကိန်းကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်လည်စတင်မယ် လို့ စစ်ခေါင်းဆောင်က ပြောထားပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ သွားရောက်ကြည့်ရှု့ခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်သွားရောက်ပြီးနောက်ပိုင်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသမှာစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ၂၀၂၃ ခုနှစ်အစကနေ အခုထိ  တိုက်ပွဲတွေပိုဖြစ်လာပြီး  ဒေသခံတွေလည်း မကြာခဏ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိပါတယ်။

စစ်အာဏာသိမ်းပြီးပြည်ပရင်းနှီးမြှပ်နှံမှုတွေအများအပြားထွက်သွားတဲ့အတွက် စစ်ကောင်စီဟာ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်အသက်သွင်းနေချင်ပြီး  ဒေသတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေခြေကုပ်မယူနိုင်အောင် စစ်ကြောင်းထိုးတာတွေပိုလုပ်လာတယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။