ဂန့်ဂေါမှာ PDF တွေနဲ့တိုုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က တောင်ခင်ရန်းရွာကိုမီးရှို့ဖျက်ဆီးနေ

သြဂုတ် ၊ ၁၃

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာမှာသြဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီးနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေက ရွာကိုမီးရှို့နေတယ်လို့  ဒေသခံတွေဆီကသိရပါတယ်။

” ရွာအရှေ့ပိုင်းကိုရှို့နေတာ။ ခြောက်လုံး၊ခုနှစ်လုံးလောက်လောင်ပြီးပြီ။ ခုလည်းဆက်လောင်နေတုန်းပဲ” လို့ဒေသခံတဦးကပြောပါတယ်။

တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ကဒီကနေ့မနက်ပိုင်းမှာ  ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ စပစ်တဲ့အတွက် ဒသခံကာကွယ်ရေးတပ်တွေ ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိအပြန်အလှန်ပစ်ခတ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” နှစ်ဖက်အပြန်အလှန်ပစ်နေကြဆဲပဲ။ စကစကပစ်တဲ့လက်နက်ကြီးတွေက မြစ်အရှေ့ဘက် ကုန်းရွာ၊မြင်သားဘက်တွေထိကျတယ်။ ကလေးတွေပစ်တဲ့ဟာလည်း သူတို့စခန်းဝန်းကျင်တွေကိုကျတယ်” လို့ အဲဒီဒေသခံက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေတာကို ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူတဦးကအတည်ပြုပြောဆိုပေမယ့် ထိခိုက်သေဆုံးမှု အခြေအနေကိုသိရှိရခြင်းမရှိသေးပါဘူးလို့ ဆိုပါတယ်။

အဲဒီလိုလက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်နေရင်း တောင်ခင်ရန်းကျေးရွာရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက  ရွာအရှေ့ပိုင်းကို မီးရှို့ဖျက်စီးနေတာလို့ဒေသခံတွေက ပြောကြပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်စခန်းချထားတဲ့ တောင်ခင်ရန်းနဲ့ မြောက်ခင်ရန်းရွာကနေ ဘေးပတ်ဝန်းကျင်ကျေးရွာတွေကိုခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သြဂုတ်လ ၁၁ ရက်က မြောက်ခင်ရန်းရွာအခြေစိုက် စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် မြစ်သာမြစ်အရှေ့ဘက် မြင်သားကျေးရွာက ဒေသခံနှစ်ဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို သြဂုတ်လ ၈ ရက်ကလည်း ရေသာကျေးရွာက ရွာခံတဦးသေဆုံးခဲ့ရပါတယ်။