သံဖြူဇရပ်မှာ ရိုဟင်ဂျာ တရာ့ငါးဆယ်နီးပါးဖမ်းဆီးခံရ

ဩဂုတ်၊ ၁၂ 

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ မနေ့ကရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးရမိပြီးအမှုဖွင့်အရေးယူ ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ပြည်နယ် စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။ “ အမှုဖွင့်ဖို့တော့စီစဉ်နေပါတယ်၊ အခုက စစ်ဆေးနေဆဲ ပြီးသလောက်ရှိနေပြီးပေါ့၊ အခုက နှစ်ဖွဲ့ပေါ့နော်၊ ပြည်တွင်းကလည်း ပါတယ်၊ ဘင်္ဂလားဒေ့ရှ်ကလာတာလည်း ပါတယ်။ လ.ဝ.က အက်ဥပဒေတွေနဲ့ အရေးယူသွားမှာပါ။

ကလေးတွေကိုတော့ တမျိုးတဖုံ စီစဉ်ကြမယ်လို့ ပြောတယ်၊ ကလေးတွေလည်း ပါတော့လေ” လို့ သူက ပြောပါတယ်။ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနဲ့ ကလိန်ပဒေါကျေးရွာအကြားမှာ မနေ့ကမနက်ပိုင်းက ရေးမြို့ဘက်ကနေ သံဖြူဇရပ်မြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ မြေသယ်ယာဉ် ကားလေးစီးကို ရပ်တန့်စစ်ဆေးရာမှာ တရားမဝင်လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ပြည်တွင်း ရခိုင်ပြည်နယ်ဘက်က လာတဲ့ အသက် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက်အရွယ် ကလေး ခုနစ်ဦးအပါအဝင် အမျိုးသား၉၉ ဦး၊အမျိုးသမီး၁၈ ဦး၊ဘင်္ဂလားဒေ့ရှ်ကလာသူအမျိုးသား ၂၈ ဦးပါဝင်တယ်လို့ သိရပါတယ်။ “ သူတို့က စက်လှေနဲ့ ထွက်လာကြတာ၊ စစ်ဆေးတော့လေ၊ အဲဒီက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ လာကြတာလို့ ပြောတယ်၊ ပြီး တော့ ရခိုင်ကနေ လာကြတာတဲ့၊ အဲဒါ သံဖြူဇရပ် သပြေချောင်းဝမှာ လှေဆိုက်ပြီး ဒီကနေ ယိုးဒယားဘက်ကို သွားကြမယ်လို့ ပြောတာပေါ့၊ကားနဲ့ ထွက်တော့ လမ်းမှာတင် ဖမ်းမိတာ” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်က မြို့နယ်အား ကစားခန်းမမှာ ယာယီနေရာချထား ပေးထားပြီး ပြည်တွင်းကလာတဲ့ ရိုဟင်ဂျာတွေကို လ.ဝ.ကအက်ဥပဒေပုဒ်မ-၆(၂)(၃)၊ ဘင်္ဂလား ဒေ့ရှ်ကလာသူတွေကိုတော့ လ.ဝ.ကအက် ဥပဒေပုဒ်မ-၁၃(၁)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ စက်လှေသမားနဲ့ မော်တော်ယာဉ်မောင်းနှင်သူတွေကိုလည်း စစ်ကောင်စီက အမှုဖွင့်အရေးယူသွားမှာဖြစ်သလို နောက်ဆက်တွဲအခြေအနေတွေကိုလည်း ဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ ရှိသေးတယ်တဲ့ ထပ်လာနေတဲ့အဖွဲ့တွေ အဲဒါအခု စစ်ဆေးတော့လေ၊ ကားသမားနဲ့ လှေသမားတွေကို၊ အများကြီးရှိနေသေးတယ်၊ပြီးတော့ အခု နောက် ကွယ်ကနေ ပို့ဆောင်ပေးနေတဲ့သူတွေကို လိုက်ဖမ်းနေတယ်ပေါ့နော်၊သူတို့က အဖွဲ့လိုက် လုပ်နေ ကြတာ” လို့ ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမွန်ပြည်နယ်အတွင်းမှာမှာ ရိုဟင်ဂျာရာနဲ့ချီဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲ က အများစုဟာ ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ ထွက်ပြေးလာကြသူတွေဖြစ်ပြီး သူတို့အားလုံးဟာ ထိုင်းနဲ့ မလေးရှားဘက်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ခရီးထွက်လာကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်ဖို့အ တွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်း ချုပ်ထားတဲ့ လမ်းကြောင်း ကို အဓိက အသုံးပြုနေကြ ပြီး တချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့တချို့ ပါဝင်ပတ်သက်မှုရှိနေတယ်လို့ ရိုဟင်ဂျာတွေကို ထိုင်းနယ်စပ်ဘက် ပို့ဆောင်ပေးခဲ့ဖူးသူတဦးက ပြောပါတယ်။