ဝက်လက်မှာ စစ်ကောင်စီလက်ချက်နဲ့ မသန်စွမ်းအမျိုးသားတဦးအပါအဝင်ဒေသခံ လေးဦးသေဆုံး

သြဂုတ် ၊ ၁၂

စစ်ကိုင်းတိုင်း ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ် ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်က မသန် စွမ်းအမျိုးသားတဦးအပါအဝင် ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသ တွင်းအခြေအနေတွေ ဖော် ပြနေတဲ့ Wetlet Information Network တာဝန်ခံတဦးက DNA ကိုပြောပါတယ်။

ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ပယ်သကြီးရွာနဲ့ထန်းကြီးရွာထဲက ဒေသခံ လေးဦးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးပြီးနောက် သေနတ်နဲ့ပစ်သတ်သွားခဲ့ကြတာလို့ဆိုပါတယ်။

“ပယ်သကြီး(ရွာ)က စိတ်မနှံနဲ့ ပိုလီယိုဖြစ်နေတဲ့ အမျိုးသားကိုဖမ်းပြီး ခေါင်းသေနတ်နဲ့ပစ်သတ်သွားတာပါ၊ ထန်း ကြီးရွာထဲက အမျိုးသား နှစ်ဦးကိုလည်း ဖမ်းပြီးသတ်သွားသေးတယ်၊သူတို့ရဲ့ အသက်အရွယ်တွေ ဘယ်သူတွေဆို တာတော့ မသိရသေးဘူးပေါ့ ” လို့ သူကပြောပါတယ်။

ဒါ့အပြင် ပယ်သကြီးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးဟာလည်း စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှု ကိုခံရပြီးနောက် နှလုံးခုန်ရပ်ပြီးသေဆုံးသွားခဲ့သလို စစ်ကောင်စီတပ်တွေဖမ်းခေါ်သွားတဲ့ ထန်းကြီးရွာသား တဦး လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေက အဲဒီကျေးရွာနှစ်ခုကို မနေ့ မနက်ပိုင်းလောက်ကစတင်လို့စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ ပဒူရွာက ရဲစခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာတဲ့ အတွက် စစ်ရှောင်နေကြတဲ့ ဒေသခံတချို့ဟာ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက် နေသူတွေရှိသလို တချို့ကလည်း တောတွေထဲမှာ ဆက်လက်နေထိုင်နေကြဆဲပဲလို့ Wetlet Information Network တာဝန်ခံကပြော ပါတယ်။

ဝက်လက်မြို့အရှေ့ဘက်ခြမ်း ကျေးရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာ တာနဲ့ တောတောင်တွေဘက် တိမ်းရှောင်နေထိုင်ကာ အသင့်ပါလာတဲ့ ရိက္ခာနဲ့ပဲ စားသောက်နေထိုင်ရလေ့ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။

“စစ်ကြောင်းလာတာနဲ့ ကိုယ်ရိက္ခာကိုယ်ယူပြီးတော့ ရှောင်ကြရတယ်၊ရွာတွေဆီမှာ မရှောင်ကြဘူးဗျ၊ အနောက် ခြမ်းကျတော့ စစ်ကြောင်းမလာတဲ့ရွာကို ရှောင်တာ၊စားသောက်ဖို့ကျတော့ အဲရွာတွေကပဲ ကူညီပေးတာရှိတယ် ” လို့ သူကပြောပါတယ်။

စစ်ကိုင်းနဲ့ ဝက်လက်အစပ်နားမှာရှိတဲ့ တလိုင်းရွာကိုလည်း မနေ့ကမနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက လေ ကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့လို့ အသက်ရှစ်လအရွယ် ကလေးတဦးအပါအဝင် အရပ်သားငါး ဦးသေဆုံး ခဲ့ပါ သေးတယ်။

တလိုင်းကျေးရွာက စစ်ရှောင်ပြည်သူတွေရှိနေတဲ့ ကံဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်တွေက တိုက်ပွဲ ဖြစ်နေတာမရှိဘဲ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။