ကျိုက်ထိုက နယ်မြေရဲစခန်းမှူးအပါအဝင် ရဲလေးဦး ပျောက်ဆုံးပြီးနောက် နှစ်လနီးပါးအထိ အစအန ပျောက်နေ

သြဂုတ် ၊ ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ် ဇော်မင်းအောင်ပါအဝင် ရဲတပ် ဖွဲ့ဝင်လေးဦးဟာ စခန်းကနေပျောက်ဆုံးသွားပြီးနောက် နှစ်လနီးပါးကြာတဲ့အထိ အစအနပျောက်နေတယ်လို့ စစ် ကောင်စီဘက်ကရော ဒေသခံတော်လှန်ရေးတပ်ဖွဲ့ကရော ပြောပါတယ်။

 “ရှာတော့ ရှာနေကြတာပဲ၊ ခုထိ ဆက်သွယ်မရသေးဘူးဖြစ်နေတာ၊ ဒီက လူကြီးတွေတော့ အခုချိန်ထိဘဲ မတွေ့ တွေ့အောင် ရှာခိုင်းနေတာ၊ သူ့မိသားစုတွေကိုလည်းစောင့်ကြည့်တာတမျိုး၊မေးမြန်းတာတမျိုး သူတို့မိသားစု ကို လည်း မဆက်သွယ်လာဘူး” လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

ကင်းမွန်ချောင်နယ်မြေရဲစခန်း၊စခန်းမှူး ရဲအုပ်ဇော်မင်းအောင်ပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက် ညနေပိုင်း ပုံမှန်တန်းစီတဲ့အချိန်မှာ ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေတာ ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့အထိ ဖြစ်ပါတယ်။

အဲဒီလို စခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေ ပျောက်ဆုံးသွားတာကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကို ပြည်နယ် ရဲတပ်ဖွဲ့မှူးက ခေါ်ယူသတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ အတွင်းက ကျေးရွာတချို့ကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“မြို့နယ်မှူးနဲ့ ခရိုင်မှူးလည်း ဆူခံထိတယ်၊ဟိုတလောကတောင် KNU နယ်မြေတွေထိ စစ်ကြောင်းထိုးပြီး ရှာနေ တာလေ၊အဲဒါကြောင့်ပဲ အဲဒီတလောက ဒီဘက်မှာ ပစ်ခတ်မှုတွေ ခဏခဏတောင် ဖြစ်နေသေးတာ” လို့ အဲဒီ ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ရဲတပ်ဖွဲ့လေးဦးပျောက်ဆုံးနေမှုဟာ KNU တပ်မဟာ ၁ နဲ့ PDF တွေထံ အလင်းဝင်သွားကြတာဖြစ်တယ်လို့ စစ် ကောင်စီဘက်က ယူဆနေပေမယ့် တော်လှန်ရေးအင်အားစုတွေဆီကိုတော့ ဒီကနေ့အထိ ဆက်သွယ်လာ ခြင်း မရှိသေးဘူးလို့ သထုံခရိုင် PDF ခေါင်းဆောင်ကို အေးမင်းထွန်းက ပြောပါတယ်။

“အဲဒီပျောက်သွားတဲ့အချိန်ကနေ အခုထိ ကျွန်တော်တို့ဆီကို လုံးဝဆက်သွယ်လာတာမရှိပါဘူး” လို့သူက ပြောပါ တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရှိသူကို DNA က ဖုန်းနဲ့ ဆက် သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေကြားခဲ့ခြင်းမရှိသေးပါဘူး။

စခန်းမှူး ရဲအုပ်ဇော်မင်းအောင်ဟာကင်မွန်းချောင်းနယ်မြေရဲစခန်းကို ပြောင်းရွေ့လာတာ တစ်နှစ်ကျော်ဝန်း ကျင် မျှသာ ရှိသေးပြီး သူပြောင်းရွေ့လာပြီးနောက်ပိုင်း ကင်မွန်းချောင်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် သုံးကြိမ် ထက်နည်း ရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရဲအုပ်ဇော်မင်းအောင်ဟာ လက်ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကနေ တခြားနယ် မြေတည်ငြိမ်တဲ့ ဒေသကို အပြောင်းအရွေ့တင်ထားပေမယ့် အထက်အရာရှိပိုင်းတွေက နေရာပြောင်းရွေ့ ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

“သူက နည်းနည်းအနေအေးတယ်၊ အရင်အဲဒီနေရာကို တာဝန်ကျကတည်းက သူမလိုချင်ဘူး၊ မြို့နယ်ရုံး တွေ လောက်မှာပဲ သူနေချင်တာ၊ပြီးတော့ သူက အရင်တုန်းကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်မှုရှိ တယ်ဆိုပြီး သတင်းတွေ ထွက် နေတာတော့ ရှိခဲ့တယ်” လို့ အထက်ပါ ရဲတပ်မှူးရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း၁၅ ဦးလောက်ရှိပြီး စခန်းမှူး ပျောက်ဆုံးသွားပြီး နောက် နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကိုက ယာယီစခန်းမှူးအဖြစ် ကျန်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့အတူ နေထိုင်လျက်ရှိသလို စစ်ကောင်စီတပ်ဖွဲ့ ဝင်တချို့ကလည်း အဲဒီစခန်းမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ KNU တပ်မဟာ ၁ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ထွက် ပြေး တိမ်း ရှောင်လာတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်သား ၁၅၀ ဝန်းကျင်ရှိပြီလို့ သထုံခရိုင် PDf ခေါင်းဆောင်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ စစ် ကောင်စီလက် အောက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ CDM ရဲနဲ့ စစ်သား ၁၃၀၀၀ ကျော် ရှိတယ်လို့ သိရပါ တယ်။