ကရင့်လက်နက်ကိုင်တွေပြန်လည်စုစည်းဖို့ KNU ဥက္ကဌတိုက်တွန်း

 

သြဂုတ် ၊ ၁၂

ကရင့်လက်နက်ကိုင်အစုအဖွဲ့အားလုံးအနေနဲ့ ကရင့်အမျိုးသားရည်မှန်းချက်တွေအောင်မြင်ရေးအတွက် တခု တည်းသော ရည်မှန်းချက်အောက်မှာ ပြန်လည်စုစည်းကြိုးပမ်းအားထုတ်ကြဖို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကရင့်အမျိုးသားအာဇာနည်နေ့ အတွက် မိန့်ခွန်းမှာ KNU ဥက္ကဌက အထက်ပါအတိုင်း တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ကရင့်အမျိုးသားရည်မှန်းချက်ပန်းတိုင် အောင်မြင်ပြီးမြောက်ဖို့အတွက် ကရင့် အမျိုးသား အဖွဲ့အစည်းတွေအနေနဲ့ ၁၉၄၇ခုနှစ်ကလို စုစည်းမှုမျိုးနဲ့ KNU ရဲ့ ဦးဆောင်မှုအောက်မှာ တစုတစည်းတည်းပူးပေါင်းပြီး ကြိုးပမ်းအားထုတ် ကြဖို့လိုတယ်လို့ သူကပြောပါတယ်။

လက်ရှိ ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကရင့်လက်နက်ကိုင် အစုအဖွဲ့တွေအနေနဲ့ မိမိတို့အစု အဖွဲ့ရပ်တည်နိုင်ရေးတခုတည်းအတွက် ကိုယ်ကျိုးကိုသာရှာကြံနေသူတွေမဖြစ်စေဖို့ လုပ်ရပ်တွေနဲ့အကျိုး သက် ရောက်မှုတွေကို ပြန်လည်ဆန်းစစ်ဖို့လိုတယ်လို့လည်း KNU ဥက္ကဌက ပြောပါတယ်။

KNU ဟာ စစ်တပ်ကို အကောင်းဆုံး တိုက်ခိုက်ခြိမ်းခြောက်နိုင်ခဲ့တဲ့ အစောဆုံး အင်အားကြီး တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခွဲထွက်ပေါ်ပေါက်ခဲ့တာကြောင့် KNU အားနည်းသွားခဲ့သလို အာဏာ သိမ်းပြီးနောက်မှာလည်း KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်နယ်ဒါးမြက ခွဲထွက်ကာ KTLA ကိုတည်ထောင် ခဲ့ပါတယ်။

ဒါ့အပြင် KNU အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ကရင်အရပ် ဘက် အဖွဲ့အစည်းတွေက ဝေဖန်မှုတွေရှိခဲ့ပြီး ခေါင်းဆောင်တွေနှုတ်ထွက်ပြီး KNU ရွေးကောက်ပွဲအသစ် လုပ်ပေးဖို့အ ထိ တောင်းဆိုတာမျိုးတွေရှိခဲ့ပါတယ်။

KNU နဲ့ ခွဲထွက်သွားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ပြန်လည်ပေါင်းစည်းဖို့ တိုက်တွန်းတာနဲ့ ဆွေး နွေးတာမျိုးတွေ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ရှိခဲ့ဖူးပေမယ့် လက်တွေ့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ကရင် နယ်ခြားစောင့်တပ် BGF လိုအဖွဲ့တွေလည်းရှိနေပြီး ကရင်တပ်ဖွဲ့တွေအချင်းချင်းကြား ပြန်လည်တိုက်ခိုက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ကရင်အမျိုးသား စည်းလုံးညီညါတ်မှုကိုတည်ဆောက်ရာမှာ မတူကွဲပြားမှုနဲ့ အတွေးအမြင်တွေကိုဘေးဖယ်ထားပြီး တခုတည်းသော ကရင့်အလံတော်အောက်မှာ ကျရာ တာဝန်အတိုင်း ညီညီညွတ်ညွတ်ထမ်းဆောင်ကြပြီး အပြန်အ လှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ KNU ဥက္ကဌကပြောပါတယ်။

စစ်အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ်လမ်းစဉ်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် လည်း စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အ စည်းတွေ၊ဒီမိုကရေစီအစုအဖွဲ့တွေအပြင် လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ရမှာဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်အုပ်စုရော ပြည်သူတရပ်လုံးရောဟာ ဖိအားတွေနဲ့ အခက်အခဲအကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ခံစားနေကြရပြီး စစ်အုပ်စုကတော့ အကြမ်းဖက်ဖိနှိပ်မှုတွေလုပ်နေဆဲဖြစ်သလို နည်းပရိယာယ်မျိုး စုံနဲ့ လည်း လှည့်စားနေတယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက သတိပေးပါတယ်။

ဒါကြောင့် အစုအဖွဲ့အားလုံးရဲ့ အင်အားတွေကို စုစည်းပြီး စစ်တပ်ရဲ့ ကံကြမ္မာကို ပြည်သူတွေလက်ဝယ် ပြန်လည် လွှဲအပ်ကာ တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်တဲ့အထိ ရှေ့ ဆက်ကြိုးပမ်းရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ထင်ရှားတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်တဦးလည်းဖြစ် KNU ဥက္ကဌလည်းဖြစ်တဲ့ စောဘဦးကြီး လုပ်ကြံခံရ ပြီး ကျဆုံးခဲ့တဲ့ ၁၉၅၀ခုနှစ် ဩဂုတ်လ ၁၂ရက်ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကရင့်အာဇာ နည်နေ့အခမ်းအနားတွေကျင်းပခဲ့တာဖြစ်ပါတယ်။

စစ်အစိုးရခေတ်တွေအလွန် ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်တွေအထိ မြို့ပြတွေမှာ ကရင်အမျိုးသား ခေါင်း ဆောင် စောဘ ဦးကြီးကို ဂုဏ်ပြနိုင်ဖို့နဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးကြိုးပမ်းလှုပ် ရှားမှုတွေ ရှိခဲ့ပေမယ့် ခေတ်အဆက်ဆက်အာဏာပိုင်တွေက ကရင့်အာဇာနည်နေ့ ဆိုတဲ့ စကားလုံးကို သုံးစွဲခွင့်မပြုခဲ့ပါဘူး။