နိုက်ဂျား စစ်အာဏာသိမ်းမှုအပေါ် စစ်ရေးအရ မတုံ့ပြန်ဖို့ ဒေသတွင်း နိုင်ငံတွေကို ရုရှား သတိပေး

သြဂုတ် ၊ ၁၂

နိုက်ဂျားမှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကို ဒေသတွင်း အာဖရိက နိုင်ငံတွေက စစ်အင်အားသုံးပြီး တုံ့ပြန် စွက်ဖက်တာမျိုး မလုပ်ဖို့ ရုရှားက သတိပေး ပြောကြားလိုက်ပါတယ်။

နိုက်ဂျားမှာ အာဏာသိမ်း စစ်တပ်က အရပ်သား အစိုးရဆီ အာဏာ ပြန်အပ်ဖို့ ငြင်းဆိုခဲ့တဲ့နောက် အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Ecowas)က စစ်ရေးအရ တုံ့ပြန်မယ့် ကနဦး ခြေလှမ်းအဖြစ် ပူးပေါင်းစစ်တပ် တခုကို စုစည်းထူထောင်ဖို့ အခုသီတင်းပတ်ထဲမှာ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

Ecowasက နိုက်ဂျားစစ်တပ် အနေနဲ့ ဖြုတ်ချခံ သမ္မတ မိုဟာမက် ဘာဇိုအွမ်ရဲ့ အရပ်သား အစိုးရဆီ အာဏာပြန်မအပ်ဘူးဆိုရင် စစ်ရေးအရ အရေးယူ တုံ့ပြန်မှုတွေနဲ့ ကြုံလာရနိုင်ကြောင်း အစောပိုင်းမှာ ကတည်းက သတိပေးထားပြီး ဖြစ်ပါတယ်။

ရုရှားဟာ နိုက်ဂျားမှာ စစ်တပ် အာဏာသိမ်းမှုကို တရားဝင် ထောက်ခံတာမျိုး မရှိပေမယ့် ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး Ecowasက စစ်ရေးအရ ဝင်စွက်ဖက်တာမျိုးကိုတော့ ဆန့်ကျင်မှာဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလို စစ်ရေးအရ စွက်ဖက်လိုက်ခြင်းအားဖြင့် ပဋိပက္ခကို ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့လည်း ရုရှားက ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ အမေရိကန် အစိုးရက နိုက်ဂျားမှာ နိုင်ငံရေး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာကို ရုရှားရဲ့ Wagner ကြေးစားတပ်ဖွဲ့က ဝင်ရောက် အမြတ်ထုတ်ဖို့ ကြံစည်နေတယ်လို့ စွပ်စွဲထားပါတယ်။

ဘာဇိုအွမ်ရဲ့ မဟာမိတ် အင်အားကြီး အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ပြင်သစ်တို့ဟာ အကြမ်းဖက်မှု နှိမ်နင်းတဲ့ စစ်ဆေင်ရေးတွေအတွက် နိုင်ဂျားမှာ စစ်စခန်းတွေ တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ Ecowasက နိုက်ဂျားမှာ စစ်ရေးအရ စွက်ဖက်လာနိုင်ခြေနဲ့ ပတ်သက်လို့ အဲဒီ အနောက်နိုင်ငံတွေက ဘာမှ မှတ်ချက် မပေးသေးပါဘူး။

၁၅ နိုင်ငံ ဖွဲ့စည်းထားတဲ့ Ecowasရဲ့ စစ်ဦးစီး အကြီးအကဲတွေဟာ အခုသီတင်းပတ်ကုန်မှာ တွေ့ဆုံပြီး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေကို ညှိနှိုင်းကြဖွယ် ရှိကြောင်းလည်း သိရပါတယ်။ နိုက်ဂျီးရီးယား သမ္မတ ဘိုလာ တီနူဘူကတော့ အိမ်နီးချင်း နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်တဲ့ အစိုးရမျိုး ပြန်လည် တင်မြှောက်နိုင်ရေးအတွက် ဖြစ်နိုင်ခြေ နည်းလမ်း အားလုံးကို စဉ်းစားသွားမှာဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်တာမျိုးကိုတော့ နောက်ဆုံး ရွေးချယ်မှု အနေနဲ့သာ အသုံးပြုလိုကြောင်း ပြောကြားထားပါတယ်။