ဟာဝိုင်ယီပြည်နယ် သမိုင်းမှာ အသေအပျောက် အများဆုံး သဘာဝ ကပ်ဘေးဖြစ်လာတဲ့ တောမီး

သြဂုတ် ၊ ၁၂

ဟာဝိုင်ယီမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးသူ ၇၀ နီးပါးထိ ရှိလာပြီး အမေရိကန်ပိုင် ကျွန်းစုပြည်နယ် သမိုင်းတလျှောက် အဆိုးဆုံး သဘာဝ ကပ်ဘေးအဖြစ် မှတ်တမ်း ဝင်လာပါတယ်။

ဩဂုတ် ၁၁ ရက် ညပိုင်းထိ အခြေအနေအရ ဟာ​ဝိုင်ယီက တောမီးတွေကြောင့် သေဆုံးသူ ၆၇ ဦးထိ ရှိလာပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေလည်း ဒါဇင်နဲ့ချီ များပြားနေပါသေးတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက အသေအပျောက် ကိန်းဂဏန်းတွေ တိုးလာနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

ဟာဝိုင်ယီမှာတော့ အရင်က အခုလောက် အသေအပျောက် များပြားတဲ့ သဘာဝ ကပ်ဘေးမျိုး လုံးဝ မကြုံခဲ့ဖူးသေးပါဘူး။ ဟာဝိုင်ယီ အနှံ့က ကျွန်းတွေမှာ ပြီးခဲ့တဲ့ တပတ်အတွင်း နေရာ ၆ ခုထက်မနည်း တောမီးတွေ ပျံ့နှံ့ လောင်ကျွမ်းခဲ့ပြီး မာဝီကျွန်းပေါ်က သမိုင်းဝင် အပန်းဖြေ မြို့လေးတခုဖြစ်တဲ့ လာဟိုင်နာကတော့ တမြို့လုံးနီးပါး ပြာကျ ပျက်စီးသွားခဲ့ပါတယ်။ အသေအပျောက် အများစုကလည်း မာဝီကျွန်းပေါ်မှာပဲ ကြုံတွေ့ခဲ့တာပါ။

တောမီးလောင်မှု အဆိုးဆုံး ကာလတွေအတွင်း သောင်းနဲ့ချီ များပြားတဲ့ ကမ္ဘာလှည့် ခရီးသည်တွေနဲ့အတူ ယာယီ ရွှေ့ပြောင်းခဲ့ရတဲ့ လာဟိုင်နာ မြို့ခံတွေဟာ ဩဂုတ် ၁၁ ရက်မှာတော့ မီးလောင်ပြင် ဖြစ်နေတဲ့ နေအိမ်တွေဆီ ပြန်ရောက်လာပြီး တချို့သော အကြွင်းအကျန် ပိုင်ဆိုင်မှုလေးတွေကို ကောက်ယူ သိမ်းဆည်းနေတာ တွေ့ရပါတယ်။

ကယ်ဆယ်ရေးတွေနဲ့ မီးသတ် အဖွဲ့တွေက ဒေသခံတွေကို နေရပ်ပြန်ခွင့် မပြုခင်မှာ သူတို့ ကြုံရမယ့် အခြေအနေနဲ့ မြင်ကွင်းက မကြုံဖူးလောက်အောင် စိတ်နှလုံး ထိခိုက်စရာ ဖြစ်နိုင်ကြောင်း လေးလေးနက်နက် ကြိုတင် သတိပေးထားခဲ့ရပါတယ်။

လောလောဆယ်တော့ အမေရိကန် အစိုးရဟာ မာဝီ အပါအဝင် ဟာဝိုင်ယီက မီးဘေးသင့် နယ်မြေတွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အစွမ်းကုန် ကူညီမယ်လို့ ကြေညာထားပါတယ်။

တောမီးကြောင့် လူပေါင်း ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပြီး ပြန်လည် ပြုပြင် တည်ဆောက်မှု စရိတ်တွေက ဒေါ်လာ ဘီလီယံနဲ့ချီ များပြားမယ်လို့ ခန့်မှန်းရပါတယ်။ မာဝီကျွန်းမှာ Amazon ကုမ္ပဏီ ထူထောင်သူ ဂျက်ဖ်ဘဇော့စ် အပါအဝင် ချမ်းသာကြွယ်ဝသူ အတော်များများရဲ့ အဖိုးတန် စံအိမ်ကြီးတွေလည်း ရှိပါတယ်။ ဘဇော့စ်နဲ့ သူ့ရဲ့လက်တွဲဖော် လော်ရန်တို့ဟာ မာဝီကျွန်း မီးဘေး ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ သန်း ၁၀၀ ထည့်ဝင် လှူဒါန်းမယ်လို့ ကတိပြု ပြောကြားထားပါတယ်။