အာဏာသိမ်း စစ်တပ်က အခင်းအကျင်းသစ်တွေ ကြံစည်နေသလား

သြဂုတ် ၊ ၁၂

အမျိုးမျိုးသော တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နေရာစုံမှာ ကာလရှည်ကြာ စစ်ခင်းတိုက်ခိုက်ရင်း ရုန်းကန်နေရတဲ့နောက် အာဏာသိမ်း မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိ လုပ်ဆောင်ချက် တချို့က ပြေရာပြေကြောင်း ညှိနှိုင်းဖို့ လေချိုသွေးတာမျိုး ရှိလာသလား၊ ဒါမှမဟုတ် ကောက်ကျစ်စဉ်းလဲပြီး အာရုံလွှဲဖို့ ကြံစည်နေပြန်သလား ဆိုတာကို မှန်းဆရ ခက်ခဲလွန်းနေပါတယ်။ ဒုတိယ အချက်ကတော့ ဖြစ်နိုင်ခြေ ပိုများပြီး သေချာသလောက်ပါပဲ။ မြန်မာနိုင်ငံကို အဓမ္မ အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ ရပ်တည်မှုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တရားဝင်ချင်လို့၊ တနည်းအားဖြင့် လူရာဝင်ချင်လို့ နိုင်ငံတကာ စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းနဲ့ နိုင်ငံတကာရဲ့ အာရုံကို လှုံ့ဆော်ဖို့ ကြိုးစားတာမျိုးက အခုတကြိမ် ပထမဆုံးလည်း မဟုတ်ပြန်ပါဘူး။

 မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကြမ်းတမ်း ရက်စက်လှတဲ့ ပြည်တွင်း ပဋိပက္ခတွေ နည်းနည်းများ အေးရာအေးကြောင်း ဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကတော့ အကျဉ်းချခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးခဲ့တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချထားတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးခဲ့တာတွေအပေါ် အခြေခံပြီး ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဟန်ရေးပြနေမှုတွေဟာ လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးအရ ဝင်ဆံ့နိုင်မယ့် တံခါးတချို့ကို ဖွင့်လှစ်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ တည်ငြိမ်အေးချမ်းမှု ပြန်တည်ဆောက်ရေးကို အကြီးအကျယ် မျှော်လင့်နေရင်တော့ စိတ်ပျက်စရာတွေ အချီကြီး ကြုံသွားနိုင်တာကိုလည်း သတိထားသင့်ပါတယ်။ မကြာသေးခင်က လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ (EAO)တွေ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တွေနဲ့ ရင်ဆိုင်ထိတွေ့သမျှ တိုက်ပွဲတိုင်းလိုလိုမှာ အထိနာပြီး အဆုံးအရှုံးတွေ များနေတဲ့အတွက် စစ်တပ်က NLD ဖဲချပ်ကို ထုတ်ခင်းတာမျိုး ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။

 ကံအကြောင်း မလှစွာနဲ့ဘဲ တကယ်တမ်းကျတော့ နိုင်ငံရေးအရ ဆွေးနွေး ဖြေရှင်းဖို့ဆိုတဲ့ အခြေအနေတွေက စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် သူတို့က တရားမဝင် အာဏာသိမ်းခဲ့တာရယ်၊ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အရှိတရား အသစ်တွေရယ်ကို အခြေခံကျကျ လက်မခံသေးသ၍ လက်​တွေ့ မထွက်ပေါ်လာနိုင်ပါဘူး။ စစ်ခေါင်းဆောင်တွေက နိုင်ငံရေး ကဏ္ဍကနေ နုတ်ထွက်ပေးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ တည်ဆောက်ရေးအတွက် သဘောတူပေးပြီး စစ်တပ်ဟာလည်း အရပ်သား အစိုးရ ဦးဆောင်မှု လက်အောက်မှာ ရှိလာမှသာ ဆွေးနွေးညှိနှိုင်းမှုတွေ အထမြောက်နိုင်ပါလိမ့်မယ်။

 အခုဆိုရင် အာဏာသိမ်း စစ်တပ်ဟာ နိုးကြားအားကောင်းပြီး ကွဲပြားတဲ့ မျိုးဆက်အသီးသီးကနေ ထွက်ပေါ်လာတဲ့ ခေါင်းဆောင်တွေကို တော်လှန်ရေး လှုပ်ရှားမှုမှာ ရင်ဆိုင် တွေ့မြင်နေရပါပြီ။ PDFတွေနဲ့ EAOတွေကြား စစ်ရေးအရ ပူးပေါင်း လှုပ်ရှားမှုတွေဟာ ပိုမို ထိရောက်မှု ရှိလာပြီး ထိန်းချုပ်နယ်မြေတွေလည်း တရိပ်ရိပ် တိုးလာနေပါတယ်။ ပြီးတော့ စစ်တပ်အပေါ် စစ်မျက်နှာ အသီးသီးကနေ တပြိုင်တည်း ဖိအားပေး ထိုးနှက်နိုင်စွမ်းလည်း ပိုအားကောင်းလာပါတယ်။ ဟန်ချက်ညီ လှုပ်ရှားမှု တခုအဖြစ် တော်လှန်ရေး ခေါင်းဆောင်တွေဟာ အတိတ်က လူမှုရေးနဲ့ နိုင်ငံရေး ပုံစံဟောင်းတွေ၊ စံနှုန်းတွေကနေ ခွဲထွက်ပြီး နိုင်ငံရဲ့ အနာဂတ် အသစ်ကို ပုံဖော်ချင်လာကြတယ်။ အဲဒါက မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ စုံလင်ကွဲပြားမှုတွေကို ထွေးပွေ့ပြီး အင်အားတခုအဖြစ် ပြောင်းလဲဖို့ ရည်သန်လာခြင်းပဲ ဖြစ်ပါတယ်။

 တော်လှန်ရေး လှုပ်ရှားမှုကို ကြုံနေကျ ပြည်တွင်း ဖိအားတွေကနေ ဖက်ဒရယ် ဒီမိုကရေစီ အစိုးရ တခု ပေါ်ထွန်းလာတဲ့ထိ အောင်အောင်မြင်မြင် ပြောင်းလဲဖို့အတွက် အရေးပါတဲ့ အင်အားစုတွေ အားလုံးကြားမှာ ရှည်ကြာပြီး ရှုပ်ထွေးတဲ့ ဆွေးနွေးမှုတွေ လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာ မြင်သာတဲ့ တချက်တော့ ရှိပါတယ်။ အဲဒါကတော့ နိုင်ငံရေးအရ ဖြေရှင်းမှု ဆိုတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေပါ စစ်တပ်ရဲ့ ခြယ်လှယ် စွက်ဖက်မှု လမ်းကြောင်း အောက်ကနေပဲ ပြောင်းလဲရမယ်၊ ဒါမှမဟုတ် စစ်တပ်နဲ့ နိုင်ငံရေး အထက်တန်းလွှာတွေ ကြားက ညှိနှိုင်းမှုတွေနဲ့ပဲ ဖြေရှင်းနိုင်မယ်ဆိုတဲ့ အတွေးအခေါ် ဟောင်းတွေက ဘောင်မဝင်တော့ပါဘူး။ အဲဒီ ဖော်မြူလာဟောင်းကို ဆုပ်ကိုင်ထားချင်ဆဲဖြစ်တဲ့ နိုင်ငံတကာ အသိုက်အဝန်းမှာ ရှိနေသူတွေကလည်း သိပ်မကြာခင်မှာပဲ ဒီနည်းလမ်းဟာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ထိရောက်ပြီး အကျိုးရှိတဲ့ ရွေးချယ်မှု မဟုတ်နိုင်တာကို သဘောပေါက်လာပါလိမ့်မယ်။

 နေပြည်တော်မှာ ပြောင်းလဲမှု သင်္ကေတတွေ မြင်နေရပြီလား

နေပြည်တော်မှာ ရုံးထိုင်တဲ့ အာဏာသိမ်းစစ်တပ် အကြီးအကဲတွေဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန် ကြေညာထားတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ကာလ သက်တမ်း ကုန်ဆုံးခါနီးမှာ မကြာခင် ရာထူးက နုတ်ထွက်ရတော့မယ့် ထိုင်းအိမ်စောင့်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးကို NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ အရပ်သား အစိုးရဆီကနေ စစ်တပ်က မတရား အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား သံတမန် တဦးကို ပထမဆုံးအကြိမ်​ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

 ရက်ပိုင်း အကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဦးဝင်းမြင့်အပေါ် စစ်တပ်က ချမှတ်ထားတဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကို အတိုင်းအတာ တခုထိ လျှော့ပေါ့ပေးလိုက်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ထိပ်တန်း ခေါင်းဆောင် တချို့ဟာ အကျဉ်းထောင်မှာ မဟုတ်တော့ဘဲ နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလဲထားပြီဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့လာပါတယ်။ တအိအိ နစ်မြုပ်နေတဲ့ သူတို့ရဲ့ သင်္ဘောကြီးပေါ်မှာ နေရာထိုင်ခင်းတွေ ပြန်လည် စီစဉ်သတ်မှတ်နေဆဲဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကြေညာထားတဲ့ အစိုးရ အဖွဲ့နဲ့ စစ်တပ်ခေါင်းဆောင်တွေကို နေရာ အပြောင်းအလဲတွေ ထပ်လုပ်ပြန်ပါတယ်။ နောက်တော့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် အခြေအနေ ကြေညာချက်ကို သက်တမ်း ၆ လ ထပ်တိုးခဲ့ပြန်တယ်။ ကာလုံ အစည်းအဝေးမှာတော့ စစ်တပ်ဟာ ပြည်လုံးကျွတ် ရွေးကောက်ပွဲကို ဦးစီး ကျင်းပပေးဖို့ဆိုရင် သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေ ပမာဏက ကျဉ်းမြောင်းလွန်းနေသေးကြောင်း ဝန်ခံသွားခဲ့ပါတယ်။

  ဒီလို အကွက်ရွှေ့နေတာတွေကို အခြေခံပြီး တချို့သော ပြင်ပက စောင့်ကြည့် လေ့လာသူတွေက စစ်ခေါင်းဆောင်တွေဟာ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆီ ချိတ်ဆက်ဖို့ ကြိုးစားနေပြီး နိုင်ငံတကာ ဖိအားတွေ လျော့သွားအောင်၊ ပြီးတော့ ညှိနှိုင်းဆွေးနွေးမှုအတွက် နေရာဖန်တီးနိုင်အောင် အားထုတ်နေတာလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ သူတို့တွေ လက်တွေ့ သဘောပေါက် အသိအမှတ် မပြုနိုင် ဖြစ်နေတာက စစ်မြေပြင်မှာ အာဏာသိမ်း စစ်တပ်ကို အနိုင်ယူရေး ကိစ္စဟာ EAOတွေရဲ့ လက်ထဲမှာ ရှိနေတယ် ဆိုတာကိုပါပဲ။ စစ်တပ်ရဲ့ အရွေ့တိုင်းဟာ တခြားညွှန်ကိန်းတွေထက် စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ ပိုပြီး ဆက်စပ်ပါလိမ့်မယ်။ ဒီအချိန်မှာ အားလုံးရဲ့ အာရုံကို NLDဖက် ထိုးထည့်ပေးလိုက်ခြင်းက တော်လှန်ရေး အင်အားစုတွေကြားမှာ၊ အထူးသဖြင့် EAOတွေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြားမှာ ပပ်ကြားအက်တွေ ပေါ်လာအောင် သပ်လျှိုလိုက်တာ ဖြစ်နိုင်ပါတယ်။

 စစ်တပ်ဟာ အာဏာသိမ်းတာ၊ လွှတ်တော်ရဲ့ ထောက်ခံချက် မပါဘဲ အရေးပေါ် အခြေအနေ ကြေညာတာ၊ အရေးပေါ် အခြေအနေကို အဆုံးစွန် ခွင့်ပြုထားတဲ့ ကာလထက် ကျော်လွန်ပြီး သက်တမ်းတိုးတာတွေ အားလုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေထက် ဘောင်ကျော် ချိုးဖောက်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လက်ကိုင်ပြုပြီး အသုံးချဖို့ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ဗိုလ်ချုပ်တွေက ကြိုးစားနေဆဲပါ။ ဒါပေမဲ့လည်း ၂ နှစ်ကျော် ကာလအတွင်း ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းတာ၊ နိုင်ငံရဲ့ စီးပွားရေး အခြေခံ အဆောက်အအုံတွေကို ရစရာ မရှိတော့အောင်၊ စုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးပစ်ခဲ့တာတွေကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သတ်မှတ်ချက်မျိုးနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်း နေရာပေးဖို့ မြန်မာပြည်သူတွေက လုံးဝ လက်မခံချင်တော့ပါဘူး။

 အင်အားကောင်းတဲ့ EAOတွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေရဲ့ အမြင်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာက သေဆုံးသွားနှင့်ပါပြီ။ ပြန်အသက်သွင်းလို့ ဘယ်လိုမှ မရနိုင်တော့ပါဘူး။ မြန်မာ့ နိုင်ငံရေး အနာဂတ်ဟာ အလုံးစုံ ခြုံငုံ ပါဝင်နိုင်တဲ့ နိုင်ငံရေး စာချုပ်မျိုးနဲ့ ဖောင်ဒေးရှင်း မှတ်တမ်းမှတ်ရာမျိုးတွေကို တောင်းဆိုပါလိမ့်မယ်။

 

အာဏာသိမ်းမှုအလွန် အရှိတရားများ

(က) EAOများ အင်အားကြီးထွားပြီး ထိန်းချုပ်နယ်မြေ တိုးပွားလာခြင်း

အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာနိုင်ငံက EAOတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ဩဇာက ပိုမို တန်ခိုးထွားလာတယ် ဆိုတာဟာ အခြေခံ အကျဆုံး အရှိတရားအသစ် တခု ဖြစ်လာပါတယ်။ အာဏာ မသိမ်းခင်တုန်းက အဲဒီ EAO အဖွဲ့အစည်းတွေဟာ NLD အစိုးရနဲ့ သဘောထား ကွဲလွဲမှုတွေ အမျိုးမျိုး ရှိခဲ့ကြပါတယ်။ အစောပိုင်းမှာတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက အဲဒီလို အမြင်ကွဲပြားမှုတွေကို အခြေပြုပြီး EAOတွေကို ခပ်လွယ်လွယ်လေး ထိန်းချုပ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာကြီးကို ပြန်အကောင်အထည် ဖော်နိုင်မယ်လို့ အပိုင်တွက်ခဲ့ပုံ ပေါ်ပါတယ်။

 ဒါပေမဲ့လည်း အာဏာသိမ်းမှုအပြီး စစ်တပ်က ပြည်သူအပေါ် အကြမ်းဖက် ဖြိုခွင်းမှုတွေက စစ်တပ်နဲ့ ကာလရှည်ကြာ ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီးသား EAO တချို့ကို နိုင်ငံရေးအရ ပြန်လည် သုံးသပ် ရွေးချယ်ဖို့ တွန်းအား ဖြစ်လာစေပါတယ်။ EAO ခေါင်းဆောင် အတော်များများက အခုလို အာဏာလုလိုက်တာဟာ ၂၀၁၁ ကတည်းက အစပြုလာတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆုံးခန်းတိုင်သွားစေပြီလို့ ယူဆကြတယ်။ တချို့ EAOတွေ ကျပြန်တော့လည်း သွေးဆာနေတဲ့ စစ်တပ်ကို တော်လှန်တိုက်ခိုက်ဖို့ ဒေသခံ တိုင်းရင်းသား လူထုရဲ့ ဖိဖိစီးစီး တောင်းဆိုမှုကို ခံလာရပါတယ်။

 အာဏာသိမ်း စစ်တပ်ကို မနှစ်မြို့သလို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကိုလည်း ရွံမုန်းတာဟာ EAOတွေရဲ့ ယေဘုယျ ဘုံတူညီမှုလို့ သတ်မှတ်နိုင်ပေမယ့် စစ်အာဏာရှင်ကို တွန်းလှန်တဲ့ တော်လှန်ရေး လှုပ်ရှားမှုမှာတော့ ကဏ္ဍ ၄ ခု ကွဲထွက်လာပါတယ်။

 – ပထမဆုံး အစုအဖွဲ့မှာ EAO ၄ ခု ပါဝင်ပြီး တော်လှန်ရေး အစိုးရလို့ သတ်မှတ်ရမယ့် NUGနဲ့ အတိအလင်း လက်တွဲ ရပ်တည်နေပါတယ်။ အဲဒီထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ ပါဝင်ပါတယ်။

 – ဒုတိယ အင်အားစုကတော့ ညီနောင်မဟာမိတ် သုံးဖွဲ့လို့ လူသိများပြီး မူအားဖြင့် တော်လှန်ရေးကို ထောက်ခံ ရပ်တည်ရင်း ဩဇာနဲ့ ထိန်းချုပ်နယ်မြေတွေကို တည်ဆောက်ယူနေပါတယ်။ ညီနောင် မဟာမိတ် သုံးဖွဲ့ကတော့ ရက္ခိုင့်တပ်တော် (AA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)တို့ ဖြစ်ကြပါတယ်။

 – တတိယ အင်အားစုက ၂၀၁၅ ခုနှစ်၊ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီမှုကို လက်ကိုင်ပြုထားတဲ့ လက်ကျန် EAOတွေပါ။ အဲဒီ အဖွဲ့တွေဟာ အာဏာသိမ်း စစ်တပ်နဲ့ ဆွေးနွေးမှုတွေ ပြတ်တောင်းပြတ်တောင်း ရှိနေပါတယ်။

 – စတုတ္ထအင်အားစု တခုကတော့ အခုထိ ဘယ်ဖက်ကိုမှ မယိမ်းသေးပါဘူး။ လူသူလက်နက် အင်အားတောင့်တင်းတဲ့ ဝပြည်​ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)တို့ ပါဝင်နေတဲ့ အစုအဖွဲ့ကတော့ စောင့်ကြည့်ဦးမယ်ဆိုတဲ့ သဘောထားကို လက်ကိုင်ပြုရင်း ကိုယ်ပိုင် ထိန်းချုပ်နယ်မြေတွေကိုပဲ သတိကြီးကြီး ဆက်လက် စိုးမိုးထားကြပါတယ်။ 

နောက်ဆုံး ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေအရ EAOတွေမှာ တပ်ဖွဲ့ဝင် အင်အား ၁၃၀၀၀၀ လောက်ထိ ရှိလာပြီး ဒါဟာ နှစ်ပိုင်းအတွင်း အရေအတွက် သိသိသာသာ တိုးပွားလာကြောင်း မြင်သာစေပါတယ်။ တချို့ EAOတွေက​ ခေတ်အမီဆုံး လက်နက်တွေ တပ်ဆင်နိုင်အောင်ကို လက်လှမ်းမီနေပါပြီ။

 မဟာဗျူဟာအရ ကွဲပြားတဲ့ ချဉ်းကပ်မှုတွေ ရှိတဲ့တိုင်အောင် အခြေခံ ခိုင်ခိုင်မာမာ ရှိနှင့်ပြီးသား EAOတိုင်း လိုလိုဟာ စစ်တပ်ရဲ့ ယိမ်းယိုင်မှုကို လိုလားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်နယ်မြေ ထိန်းချုပ်ခွင့်တွေကို လိုလားတာကြောင့် တော်လှန်ရေးကို ထောက်ခံဖို့ ဆွဲဆောင်မှု ဖြစ်စေပါတယ်။ NUGနဲ့ အတိအလင်း ပူးပေါင်းဆောင်ရွက်နေတဲ့ KIAနဲ့ KNUတို့လို EAOတွေ၊ ညီနောင် မဟာမိတ် သုံးဖွဲ့လိုမျိုး NUGနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်မှု နည်းပေမယ့် တော်လှန်ရေးကို အားပေးနေတဲ့ EAOတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့အခါ စစ်တိုက်က ဘယ်လောက် အခက်အခဲ ကြုံရသလဲ ဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

 အသားတင် ရလဒ်အနေနဲ့ အာဏာသိမ်း စစ်တပ်ဟာ စစ်မျက်နှာ ပေါင်းစုံမှာ EAOတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတာကြောင့် စစ်ရေးအရ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ဆုတ်ယုတ်လာပါတယ်။ တဖက်မှာတော့ EAOတွေက အင်အားပိုကောင်းလာသလို ဩဇာလည်း ပိုညောင်းလာတယ်။ အာဏာသိမ်းမှုအလွန် မြန်မာ့ လုံခြုံရေး သွင်ပြင်လက္ခဏာဟာ NLDနဲ့ စစ်တပ်ကြားမှာပဲ သီးခြားဖြစ်ပေါ်နေတဲ့ အာဏာ လွန်ဆွဲမှု ပုံစံကနေ EAOတွေကပါ အထင်ကရ အင်အားစုတွေအဖြစ် ပါဝင်လာတဲ့ အခြေအနေဆီ ကူးပြောင်းလာနေပါတယ်။

 

(ခ) လုံခြုံရေး သွင်ပြင်လက္ခဏာဆိုင်ရာ အခြေခံကျကျ ပြောင်းလဲမှုများ

နောက်ထပ် မြင်သာတဲ့ အရှိတရား ပုံစံသစ်ကတော့ လူများစု ဗမာတွေမှာရော၊ လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေထဲမှာပါ သစ်လွင်တဲ့ မျိုးဆက်ထဲက နိုင်ငံရေး ခေါင်းဆောင်တွေ ထွက်ပေါ်လာခြင်းပါပဲ။ သူတို့ဟာ အတိတ်တုန်းက လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ တယူသန်မှုတွေကို ဖယ်နုတ်ပြီး စစ်တပ်က တိုင်းရင်းသားတွေကြား အစုအဖွဲ့ ခွဲခြား ဆက်ဆံလေ့ရှိတဲ့ ပုံစံကိုပါ ပြောင်းလဲပစ်လိုကြတယ်။ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ပုံဖော် ပြောင်းလဲမှုတွေကြောင့် သူတို့ဟာ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှု ပုံစံမျိုးကို ခိုင်မာအောင် ထုဆစ်လာခဲ့ကြတယ်။ ဆယ်စုနှစ်တွေနဲ့ချီ အာဏာကို ကြီးစိုးသိမ်းပိုက်ထားတဲ့ ကာလတွေမှာ စစ်တပ်ဟာ ဒီအခြေအနေတွေ ဖြစ်ပေါ်မလာအောင် ကျားကုတ်ကျားခဲ နိုးနိုးကြားကြား အစဉ်တစိုက် ကြိုးစား ဟန့်တားခဲ့ပါတယ်။ အခုတော့ အဲဒီ လူငယ် ခေါင်းဆောင်သစ်တွေဟာ ကြားကာလ စီမံအုပ်ချုပ်မှု စနစ်တွေကိုပါ စုစည်းပုံဖော်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအတွက် လမ်းကြောင်းဖော်လာကြပြီ ဖြစ်ပါတယ်။

 အသေအချာ နားလည်ထားသင့်တာကတော့ သူတို့ကြားက ကိစ္စတိုင်းဟာလည်း ရှုပ်ထွေးမှုတွေ ရှိနေတယ် ဆိုတာပါပဲ။ ပူးပေါင်းအုပ်ချုပ်မှု အစီအမံသစ်အတွက် သူတို့ရဲ့ ညှိနှိုင်း အားထုတ်မှုတိုင်းဟာ တာဝန် အရမ်းကြီးပါတယ်။ ဒါပေမဲ့ အရှိန် နှေးကွေးနေတဲ့တိုင်အောင် NUGအပါအဝင် ကွဲပြားတဲ့ အဓိက တော်လှန်ရေး အင်အားစုတွေ၊ EAO တချို့နဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့ကြား ဆွေးနွေး ညှိနှိုင်းမှုတွေ အစဉ်တစိုက် ဖြစ်ပေါ်နေပါတယ်။ အောက်ခြေ အဆင့်ကို ကြည့်မယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှုတွေက တစထက်တစ ကြီးထွားလာနေပါတယ်။ ရှေ့တန်း စစ်မျက်နှာတွေမှာ ဆိုရင်လည်း တောင့်တင်းတဲ့ EAO တချို့ဟာ PDFကို စတင်ဖွဲ့စည်းခဲ့တဲ့ လူငယ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်နေကြပါတယ်။

 လက်ရှိ ဆွေးနွေးနေတဲ့ အဆိုပြုချက်တွေမှာ ဆိုရင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ်မှတ်ချက်တွေကို ကျော်လွန်ပြီး အခြေခံ ဥပဒေသစ် တခုကို ပြဋ္ဌာန်းဖို့ထိ ဦးတည်နေပါတယ်။

 အစုအဖွဲ့အလိုက် ဆွေးနွေးနေတဲ့အချိန်မှာ၊ အထူးသဖြင့် NUGဟာ အတွင်းပိုင်းမှာ ကိုယ်ပိုင် အတွေးအမြင်တွေကို စုစည်း ပျိုးထောင်နေပါတယ်။ အနာဂတ်မှာ ဖော်ဆောင်မယ့် သဘောတူညီမှုတိုင်းဟာ လူနည်းစု တိုင်းရင်းသားတွေပါ ထဲထဲဝင်ဝင် ပါဝင်နိုင်မယ့် အရပ်သား စီမံအုပ်ချုပ်မှု ဖက်ဒရယ် စနစ်ကို စစ်စစ်မှန်မှန် အခြေခံရပါမယ်။ အဲဒီအတွက် စစ်မှန်တဲ့ ဖက်ဒရယ် စနစ်အတွက် လိုအပ်တဲ့ လုံခြုံရေးနဲ့ နိုင်ငံရေး တည်ဆောက်မှု အခင်းအကျင်းတွေဆီ ပြင်ဆင်ပြောင်းလဲဖို့ လိုပါတယ်။

 

(ဂ) ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် လက်တွေ့ကြုံရမည့် အရှိတရား ပုံစံသစ်များ

ပြည်တွင်း ပဋိပက္ခတွေ ဆုံးခန်းတိုင်သွားစေမယ့် နည်းလမ်းတွေကို ရှာဖွေတဲ့ ခြေလှမ်းတိုင်းမှာ ထည့်စဉ်းစားရမယ့် အကြောင်းအရာ ပုံစံသစ် ၃ မျိုး ရှိပါလိမ့်မယ်။ (၁) EAO​တွေရဲ့ အခန်းကဏ္ဍ (၂) အာဏာသိမ်းမှု နောက်ပိုင်း အုပ်ချုပ်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဩဇာလွှမ်းမိုးမှု အတွေ့အကြုံတွေ တိုးပွား ချဲ့ထွင်လာတဲ့ လူငယ်မျိုးဆက် တော်လှန်ရေး ခေါင်းဆောင်တွေ (၃) အဆင်ခြင်မဲ့တဲ့ အာဏာသိမ်းမှုကြောင့် စစ်ရေးအရရော၊ နိုင်ငံရေး အရပါ တောက်လျှောက် ဆုတ်ယုတ်လာတဲ့ စစ်တပ်ကိုယ်တိုင်ရဲ့ အင်အား လျော့ပါးမှုတွေပဲ ဖြစ်ပါတယ်။ အာဏာသိမ်းမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အဲဒီ အရှိတရား အသစ်တွေကို ဘယ်လိုနည်းနဲ့မှ မျက်ကွယ်ပြုလို့ မရပါဘူး။

 

လက်ရှိ အနေအထားအရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တိုင်းဟာ အရေးပါတဲ့ အချက် ၄ ခုရဲ့ ပဲ့ကိုင်မှု လမ်းကြောင်းအောက်ကနေ ရှေ့ဆက်သင့်နေပါတယ်။

 – စစ်အာဏာရှင်တွေဟာ အာဏာသိမ်းမှု နောက်ပိုင်း အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲလာနေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်တာ၊ စီမံနိုင်တာ လုံးဝ မရှိတော့ဘူးဆိုတာယ မြင်သာနေပါတယ်။ ပြီးတော့ အပေါ်စီး ပြန်ရောက်မယ့် အလားအလာလည်း မတွေ့ရတော့ပါဘူး။

 – ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဗဟိုပြုတဲ့၊ ဒါမှမဟုတ် NLD အပါအဝင် ဗမာအများစု ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ စစ်တပ်ကြားမှာပဲ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာမှုတွေက တရားဝင်တဲ့သဘော ဖြစ်နေတဲ့ အစဉ်အလာဟောင်းလည်း ပျက်ပြယ်သွားပါပြီ။

 – မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးလိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းထဲမှာ ပါဝင်သူ အသီးသီးဟာ လက်ရှိ ဖြစ်တည်နေတဲ့ အရှိတရား ပုံစံသစ်တွေကို မဖြစ်မနေ လက်ခံပြီး အဲဒီ ပုံစံသစ်တွေနဲ့ အလုပ်ဖြစ်မယ့် လမ်းကြောင်းတွေကို ရှာဖွေသင့်ပါတယ်။ မြန်မာ့နိုင်ငံရေး အထက်တန်းလွှာလို့ ဆိုရမယ့် အင်အားစုတွေ ကြားမှာပဲ ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာအောင် နိုင်ငံခြား သံတမန်တွေက လမ်းဖောက်ပေးနေမယ်ဆိုရင် လက်ရှိ ပုံစံပြောင်းသွားပြီဖြစ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး ဝန်းကျင်သစ်မှာတော့ ပြောင်းပြန် အကျိုးရလဒ်မျိုးတွေဆီကိုသာ ဦးတည်သွားနိုင်ပါတယ်။

 – လက်ရှိ အခြေအနေအရ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အနာဂတ် နိုင်ငံတော်အတွက် အကောင်းဆုံး ကြိုတင် ပြင်ဆင်မှုကတော့ တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ EAOတွေကြားမှာ ပိုမို ထိရောက် ကောင်းမွန်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ပေါ်ထွန်းလာအောင် ထဲထဲဝင်ဝင် တွန်းအားပေး ပံ့ပိုးခြင်းပါပဲ။

 အတိုချုပ် ပြောရရင်တော့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ အင်အားကြီးထွားလာတဲ့ တော်လှန်ရေး လှုပ်ရှားမှုကြား ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ဖို့ စဉ်းစားမယ်ဆိုရင် လက်ရှိ ကာလက စောလွန်းနေပါသေးတယ်။ ဒါပေမဲ့ ဒီကိစ္စ လက်တွေ့ ဖြစ်မြောက်လာနိုင်တဲ့ အချိန်တခုကို သေချာ ချိန်ဆ ရွေးချယ်ပြီးပြီဆိုရင် နိုင်ငံတကာက သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတိုင်းဟာ တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ ကိစ္စရပ်တိုင်းကို သေသေချာချာ ဆန်းစစ်ထားမှသာ အနာဂတ် စီမံအုပ်ချုပ်မှု စနစ်တခု ပီပီပြင်ပြင် ပေါ်ထွန်းလာအောင် စီမံကိန်း ရေးဆွဲမှုတွေအတွက် အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

 

(United States Institute of Peaceတွင် Visiting Scholar တဦးအဖြစ် တာဝန်ယူထားသည့် ဦးရဲမျိုးဟိန်း ရေးသားသည့် Is Myanmar’s Junta Turing a Corner? ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)