ဒေါ်လာဈေးနဲဲ့ အတူ စက်သုံးဆီ တလီတာကို ကျပ်တရာကျော် မြင့်တက်

သြဂုတ်၊ ၁၁
 
ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေါ်လာဈေးတွေ မြင့်တတ်လာတာကြောင့် စက်သုံးဆီ တလီတာကို တရက်အတွင်း တရာကျော် မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့က စက်သုံးဆီရောင်းဝယ်နေသူတွေနဲ့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။
 
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကနေ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး ဒီနေ့မှာ‌တော့ မနေ့ကထက် တလီတာကို ကျပ်တရာကျော် ခုန်ပြီးဈေးတက်ခဲ့လို့ အငှားယာဉ်မောင်းလောကမှာ ဂယက်တွေရိုက်ပြီး အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်းတွေက ပြောပါတယ်။
 
“ ဆီဈေးကတော့ ကျွန်တော်ဖြေတောင်မဖြေချင်တော့ဘူး။ ကားလည်း မမောင်းချင်တော့ဘူး။ ကျွန်တော်တို့က ဆီဈေးတက်လို့ ကားခပိုတောင်းတယ်ထား ပါဆင်ဂျာက ဘယ်လိုပေးနိုင်မလဲ။ သူတို့မစီးရင် ကျွန်တော်တို့ မောင်းလို့ မရတော့ဘူးလေ။ ဘာလို့ တက်လာလည်းဆို ရှင်းနေတာပဲလေ လူတိုင်းသိနေတာပဲ အမရယ်။ နှစ်သောင်းတန်ကြောင့်ပဲလေ။ ဘယ်လိုပြောရမလဲ အင်း အရှေ့အရှေ့တွေမှာလည်း သာဓကတွေ ရှိနေတာပဲဗျ “ လို့ ရန်ကုန်ရှိ အငှားယာဉ်မောင်းတဦးက ပြောပါတယ်။
 
သြဂုတ်လ ၁၀ ရက်မနေ့က ရိုးရိုးဓာတ်ဆီ တလီတာကို ၂,၃၆၀ ကျပ်၊ ပရီမီယမ် ဓာတ်ဆီ တလီတာကို ၂,၄၄၀ ကျပ်၊ 92 (Ron Octane ) တလီတာကို ၂,၁၉၅ ကျပ်၊ 95 (Octane) တလီတာကို ၂,၃၁၀ ကျပ်ပေါက်ဈေးရှိခဲ့တာပါ။
 
ဒါပေမယ့် ဒီနေ့မှာတော့ ရိုးရိုးဓာတ်ဆီ တလီတာကို ၂,၅၀၀ ကျပ်၊ ပရီမီယမ် ဓာတ်ဆီ တလီတာကို ၂,၅၇၅ ကျပ်၊ 92 ( Ron Octane) တလီတာကို ၂,၃၁၀ ကျပ်၊ 95 (Octane) တလီတာကို ၂,၄၂၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
 
သြဂုတ်လ ၉ ရက်က ရွှေတကျပ်သား ၃,၆၂၀,၀၀၀ ကျပ်၊ အမေရိကန်တဒေါ်လာကို ၃,၄၇၀ ကျပ် ကနေ သြဂုတ်လ ၁၀ ရက်မှာ ရွှေတကျပ်သား ၃၇ သိန်းကျော်၊ အမေရိကန်တဒေါ်လာ ၃,၅၃၀ ကျပ်နဲ့ ဒီကနေ့တော့ ရွှေတကျပ်သား ၃,၇၂၀,၀၀၀ ကျပ်နဲ့ အမေရိကန်တဒေါ်လာ ၃,၆၀၀ ဝန်းကျင် စျေးပေါက်နေတာပါ။
 
စက်သုံးဆီဈေး အဆမတန်မြင့်တက်လာတာဟာ စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေလိုက်တာကြောင့် အခုလို ကျပ်ငွေတန်ဖိုး ကျဆင်းလာတာလို့ ပြည်သူတွေကြား ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။
 
ဒါ့အပြင် စင်ကာပူ UOB ဘဏ်က မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ ဘဏ်အကောင့်တွေကို ငွေလွှဲကန့်သတ်မယ်ဆိုတဲ့ သတင်းနဲ့ ပုဂ္ဂလိကဘဏ်တချို့က ပြည်ပလွှဲငွေကို ပေါက်စျေးထက် ပိုပေးတာတွေ ရှိနေတဲ့အတွက် ဒေါ်လာစျေးမြင့်တက်တာလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
 
လက်ရှိမှာ ဒေါ်လာဈေးမြင့်တက်လာတာကြောင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေသလို အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်း မြင့်တက်သွားပြီး ကုန်ဈေးနှုန်းမြင့်တက်တာကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းကာ ဒေါ်လာဈေးက အတက်ဘက်သို့ ဦးတည်နေခြင်း ဆိုတဲ့ ပတ်လည်ရိုက်နေတဲ့ အခြေနေမျိုး ဖြစ်ပေါ်နေပါတယ်။
 
မြန်မာနိုင်ငံမှာ ကားအစီးရေ တသန်းကျော်နဲ့ ဆိုင်ကယ် ခြောက်သန်းခွဲကျော်ရှိပြီး တနှစ်ကို စက်သုံးဆီ တန်ချိန်လေးသန်းကျော် ပြည်ပကနေ တင်သွင်းနေရကာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံဝန်းကျင် နှစ်စဉ်သုံးစွဲနေရတာပါ။
 
ဓာတ်ပုံ – AFP