တလိုင်းရွာ လေကြောင်းတိုက်ခိုက်မှု ရှစ်လသား ကလေးငယ်အပါအဝင် သေဆုံးသူ ငါးဦးအထိရှိလာ

သြဂုတ်၊ ၁၁
 
စစ်ကိုင်းမြို့၊ တလိုင်းရွာမှာ ဒီကနေ့ ဩဂုတ်လ ၁၁ ရက်မနက်အစောပိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင်သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ မြေပြင်သတင်းးရင်းအမြစ်တွေက ပြောပါတယ်။
 
” လောလောဆယ် ဆုံးတာက မနက်ကသုံးဦး သိရတယ်။ အခုထပ်သိရတာ နောက်ထပ် ၂ ဦး ငါးဦးပေါ့။ ဘုန်ကြီးတပါးက ဒဏ်ရာရတာကနေ ဆုံးသွားတာ။ ဒဏ်ရာရတဲ့သူတွေ တော်တော်များတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒီကနေ့ မနက်ပိုင်းက ကံဦးဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံပြည်သူတွေရှိရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကံဦးကျောင်းက သံဃာတစ်ပါး၊ ၈ လသားအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး အပါအဝင် ဖမ်းဆီးခံရတဲ့ တလိုင်းရွာသားတဦး သေဆုံးခဲ့တာလို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
 
ဒီနေ့နေ့လည် ၁၂ နာရီခန့်မှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ တလိုင်းရွာသား ၂၀ ဦးထက်မနည်းကို ဖမ်းဆီးပြီး ကျောင်းဖြူရွာကို ဆက်လက်စစ်ကြောင်းထိုးသွားပြီး ဒေသခံ ဆယ်ဦး ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီနောက် အဆိုပါစစ်ကြောင်းဟာ ပယ်သူကြီးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံအမျိုးသားက ဆိုပါတယ်။
 
” မနက်က စစ်ကြောင်းက ပယ်သူကြီးရွာကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်လာတယ် နေအိမ်တွေလည်း မီးရှို့ခဲ့တယ်။ မသိနိုင်ဘူးလေ ခွေးတွေ ရွာထဲရှိတာကို၊ နယ်မြေမှ ဝင်မရှင်းလင်းရသေးတာ ” လို့ ပြောထားပါတယ်။
 
လက်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ပေါက်ကန်၊ ထန်းကြီး ကျေးရွာတွေဖက်ကို စစ်ကြောင်းထိုး လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ စစ်ရေးသတိ ရှိကြဖို့လည်း ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ​ – Ko Pyay
ပုံစာ- ဇူလိုင်လအတွင်းက စစ်ကိုင်းတိုင်း ပဒူရွာနဲ့ တလိုင်းရွာကြားမှာ တွေ့ရတဲ့ စစ်ရှောင်များ။ (ပုံဟောင်း)