သြဂုတ်၊ ၁၁
ပဲခူးမြစ်ရေတက်ပြီး ရေကြီးနေတာကြောင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအပါအဝင် လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေ ဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့နှစ်ရက်အကြာ ဩဂုတ် ၉ ရက်ကစပြီး တရိပ်ရိပ်တက်လာကာ အနိမ့်ပိုင်း လူနေရပ်ကွက်တွေထဲက နေအိမ်တွေ ရေနစ်မြုပ်နေသလို တထပ်အိမ်တွေဟာ ဆက်လက်နေထိုင်လို့ မရတော့တဲ့ အခြေအနေအထိ ဖြစ်လာတာကြောင့် အရေးပေါ်ကူညီရွှေ့ပြောင်းမှုတွေ လုပ်ပေးနေရတယ်လို့ ဆိုပါတယ်။
” ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ ဆက်တိုက်လုပ်နေရတာ၊ တမြို့လုံး အတိုင်းတာအနေနဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့နေရတဲ့သူ ထောင်နဲ့ချီ ရှိလောက်မယ် ” လို့ ပဲခူးမြို့အခြေစိုက် သကျနွယ်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိမှာ အနိမ့်ပိုင်းနေရာတွေက နှစ်ထပ်အိမ်တွေအနေနဲ့ အောက်ထပ်မှာ မြုပ်လုနီးပါး ရှိနေပြီး အပေါ်ထပ်ရွှေ့နေကြရတယ်လို့ ပဲခူးမြို့ မြို့သစ် (၈)ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးမြို့ပေါ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း နှစ်ဆယ် လောက်အထိ ဖွင့်လှစ်ထားရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
” အပေါ်ထပ်မှာ နေလို့ရသေးလို့ ကယ်ဆယ်ရေးစခန်းကို မသွားသေးဘူး၊ ပရဟိတအဖွဲ့တွေကတော့ ရွှေ့မလားဆိုပြီး လာမေးကြတယ်။ မနက်ကလည်း ထမင်းထုပ် လာပေးသွားတယ် ” လို့ ပဲခူးမြို့ခံတဦးက ပြောပါတယ်။
လက်ရှိမှာ ရပ်ကွက်အနိမ့်ပိုင်းအိမ်တွေအပြင် ရန်ကုန်-မန္တလေး လမ်းဟောင်း ပဲခူးမြို့တွင်းလမ်းပိုင်းတွေမှာလည်း ရေမြုပ်နေပြီး ယာဥ်ငယ်တွေ သွားမရတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန်-ပဲခူး ပြေးဆွဲတဲ့ ယာဥ်လိုင်းတွေဟာ မြို့အပြင် ရေလွတ်ရာ နေရာကနေပဲ ဂိတ်ထိုးပြေးဆွဲနေရသလို တချို့ယာဥ်လိုင်းတွေက မြို့ရှောင်လမ်းတွေကနေ မြို့ထဲကို ရှောင်မောင်းနေရတယ်လို့လည်း ယာဥ်လုပ်သားတချို့က ဆိုပါတယ်။
” လမ်းဟောင်းအတိုင်းတော့ ဆက်ဝင်လို့ မရတော့ဘူး၊ ရနိုင်သလောက်အထိတော့ ဝင်ပေးနေတယ် ” လို့ ရန်ကုန်-ပဲခူး ပြေးဆွဲနေတဲ့ မီနီဘတ်စ်ယာဥ်မောင်းတဦးက ပြောပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကားတွေ သွားလာမရ ဖြစ်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက ပဲခူးမြို့ အဝင်တိုးဂိတ်မှာလည်း ကားတွေ နာရီနဲ့ချီ ပိတ်မိခဲ့ကြပါသေးတယ်။
ရေနစ်မြုပ်နေတဲ့ လမ်းပိုင်းတချို့မှာ ဆိုင်ကယ်တွေလည်း မောင်းနှင်သွားလာလို့ မရတော့ဘဲ ရေလွတ်ရာအထိ တွန်းသွားနေရပြီး အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူကာ ဆိုင်ကယ်ကူတွန်းပေးမယ်ဆိုပြီး ငွေကြေးတောင်းတာ၊ ဆိုင်ကယ်မောင်းပြေး သွားတာမျိုးတွေလည်း ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ သူတချို့က လူမှုကွန်ရက်မှာ ဖော်ပြကြပါတယ်။
ပဲခူးမြို့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ရေကြီး၊ ရေလျှံမှု နှစ်စဥ်ဖြစ်ပေါ်လေ့ရှိပြီး အရင်နှစ်တွေကလည်း ရေကြီး ရေလျှံတာမျိုး ဖြစ်တတ်ပေမယ့် လက်ရှိအခြေအနေအထိ ဆိုးဆိုးရွားရွား မဖြစ်တာ ခုနစ် နှစ်လောက်ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့ ဇူလိုင်လကုန်ပိုင်းကနေ အခု ဒုတိယပတ်အထိ နိုင်ငံတဝန်း ဒေသအများအပြားမှာ မိုးဆက်တိုက် ရွာသွန်းတာကြောင့် မြစ်ရေတွေ မြင့်တက်လာတာ၊ တောင်ကျရေတွေ ကျဆင်းတာတွေ ဖြစ်ခဲ့ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့က မြို့နယ်အများစု အပါအဝင် နိုင်ငံအနှံ့ ဒေသတချို့မှာ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း တိုင်းတာချက်တွေအရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲကျော် အထိ မြင့်တက်နေပြီး နောက်တရက်အတွင်း ပေဝက်လောက် ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ထုတ်ပြန်ထားပါတယ်။
မိုးလေဝသ လေလာသူ ဦးဝင်းနိုင်ကတော့ ပဲခူးမြစ်ရေဟာ ကျဆင်းမသွားသေးဘဲ လာမယ့် တရက်၊ နှစ်ရက် လောက်အတွင်း ထပ်တက်နိုင်သေးတယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – သကျနွယ် လူမှုကူညီရေးအဖွဲ့ / CJ