သြဂုတ်၊ ၁၁
ပဲခူးမြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီး၊ ရေလျှံမှု ဖြစ်နေသလို ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာလည်း မြို့အဝင်တိုးဂိတ်မှာ ရေကြီးမှုကြောင့် ကားရာချီ ပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်ကစပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုတွေကြောင့် မြစ်ရေလျှံမှု ဖြစ်ပွားပြီး လူပေါင်း သောင်းနှစ်ထောင်ဝန်းကျင်လောက်ဟာလည်း ပြောင်းရွေ့နေထိုင်ခဲ့ရသလို ရေဘေးသင့် ကယ်ဆယ်ရေးစခန်း တွေလည်း ဖွင့်လှစ်ထားရတယ်လို့ ဒေသတွင်းသတင်းမှာလည်း ဖော်ပြထားပါတယ်။
ပဲခူးမြစ်တလျောက်မှာ မြစ်အထက်ပိုင်းဟာ လာမယ့် သုံးရက်ကနေ ငါးရက်အတွင်း မိုးရေချိန်လက်မ ၄ လက်မကျော်အထိ ရှိတာကြောင့် မိုးများနိုင်ပြီး မြစ်ရေချိန်တွေ မြင့်တက်လာနိုင်တယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုထားပါတယ်။