သြဂုတ်၊ ၁၁
အခြေအနေ တင်းမာမှုတွေ ရှိနေတဲ့နောက် ဘီလားရုစ်နဲ့ နယ်စပ်မှာ စစ်သည်အင်အား ၁ သောင်းလောက် ဖြန့်ကျက်သွားမယ်လို့ ပိုလန် အစိုးရက ကြေညာခဲ့ပါတယ်။
ပိုလန် ကာကွယ်ရေးဝန်ကြီး မာရီရက်ဇ် ဘလက်ဇက်ခ်က စစ်သည် ၄၀၀၀ လောက်ဟာ လက်ရှိ လုံခြုံရေး ယူထားတဲ့ နယ်ခြားစောင့် တပ်တွေဆီ တိုက်ရိုက်သွားရောက် ကူညီ အားဖြည့်မှာဖြစ်ပြီး ၆၀၀၀ လောက်ကတော့ အရန်တပ်အဖြစ် အသင့်အနေအထား ရှိနေမယ်လို့ ပြောပါတယ်။
ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ဘီလားရုစ်ကတော့ NATO ရဲ့ ခါးသီးပြိုင်ဘက် ရုရှားရဲ့ အဓိက စစ်ရေးမဟာမိတ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားမှာ မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှုကနေ ဘီလားရုစ်ကို Wagner ကြေးစားတပ်ဖွဲ့ ရွှေ့ပြောင်းလာခဲ့တဲ့အပေါ် ပိုလန်က လုံခြုံရေးအရ ခြိမ်းခြောက်မှု တခုအဖြစ် ရှုမြင်နေပါတယ်။ ရုရှား ကြေးစားတပ်ကလည်း ပိုလန်နဲ့ နယ်စပ်နားမှာ ဘီလားရုစ် တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်း ပေးနေတဲ့အပြင် မကြာသေးခင်က ဘီလားရုစ် စစ်ရဟတ်ယာဉ်တွေက ပိုလန် လေပိုင်နက်ထဲထိ ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲမှုတွေပါ ကြုံခဲ့ရပါတယ်။
အခြေအနေ အရပ်ရပ်ကြောင့် ပိုလန်အနေနဲ့ နယ်စပ် လုံခြုံရေး အင်အားကို ဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဘီလားရုစ်နဲ့ နယ်စပ်နားကို အင်အား ၁၀၀၀၀ လောက် အပိုဆောင်း ဖြည့်တင်းသွားမှာဖြစ်ကြောင်း ဝန်ကြီး ဘလက်ဇက်ခ်က ဆိုပါတယ်။
နောက်ပြီး ပိုလန်အစိုးရဟာ ဘီလားရုစ်ဖက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း အခြေချသူတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အခုနှစ်ထဲမှာ ဘီလားရုစ်ကနေ ပိုလန်ကို ခိုးဝင်ဖို့ ကြိုးစားမှုပေါင်း ၁၉၀၀၀ ကျော်ထိ ရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ ဘီလားရုစ်ဖက်က ရန်လိုတယ်လို့ ယုံကြည်ရတဲ့ လုပ်ရပ်တွေ ရှေ့ဆက် ကျူးလွန်နေမယ်ဆိုရင် ပိုလန်ဟာ နယ်စပ်ကို လုံးဝ ပိတ်ပစ်လိုက်ဖို့လည်း ဝန်လေးနေမှာ မဟုတ်ကြောင်း ဘလက်ဇက်ခ်က သတိပေးခဲ့ပါတယ်။
နှစ်ဖက် တင်းမာမှုတွေ မြင့်တက်နေချိန် လတ်တလောမှာ ဘီလားရုစ်ဟာ NATO အဖွဲ့ဝင် ပိုလန်နဲ့ လစ်သူယေးနီးယားတို့နဲ့ နယ်စပ်ဧရိယာတွေနားမှာ စစ်ရေးလေ့ကျင့်မှုတွေလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။
Ref: Politico