သြဂုတ်၊ ၁၁
နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ နေထိုင်တဲ့ အရပ်သားပြည်သူအားလုံး မဖြစ်မနေ ပြောင်းရွှေ့ကြဖို့ ယူကရိန်း အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်း အရှေ့မြောက်ပိုင်း ဒေသတွေမှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်လာတဲ့နောက် အဲဒီနေရာတွေမှာရှိတဲ့ မြို့ငယ်တွေနဲ့ ကျေးရွာ ၃၇ ခုက ဒေသခံတွေ အရေးပေါ် ပြောင်းရွှေ့စေဖို့ ယူကရိန်း အစိုးရက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ခါကစ်ဗ် ပြည်နယ်ထဲက ကူပီယန့်စ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုရှားရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ တောက်လျှောက် အရှိန်တက်လာနေတယ်လို့ ပြောပါတယ်။
ဩဂုတ် ၁၀ ရက်က ကူပီယန့်စ်ခ်မှာ ရုရှားပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ယူကရိန်း အမျိုးသမီးတဦး သေဆုံးခဲ့ပါသေးတယ်။
ရုရှားက ယူကရိန်း အရှေ့မြောက်ပိုင်း ဒေသမှာ ထိုးစစ်ဆင်နေတာကို အတည်ပြုခဲ့ပြီး နယ်မြေတချို့ကို စတင် သိမ်းယူ ရရှိနေပြီလို့ ပြောပါတယ်။
ယူကရိန်းက နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ရုရှားထိန်းချုပ် နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန် ရုရှားက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ယူကရိန်း အာဏာပိုင်တွေက ဒေသခံတွေ အနေနဲ့ ရွှေ့ပြောင်းဖို့ ညွှန်ကြားချက်အပေါ် ပေါ့ပေါ့တန်တန် သဘောမထားဘဲ နိုင်ငံ အတွင်းပိုင်းက ပိုမိုဘေးကင်း လုံခြုံရာ ဧရိယာတွေဆီ အမြန်ဆုံး ယာယီ ပြောင်းရွှေ့ကြဖို့ လိုက်လံ နှိုးဆော်နေပါတယ်။
တဖက်မှာလည်း ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ရှိနေတဲ့ မိသားစုတွေဟာ ကတိုက်ကရိုက် ပြောင်းရွှေ့ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ကူပီယန့်စ်ခ်မှာ ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းအမိန့် ထုတ်ပြန်တာ အခုတကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ မတ်လတုန်းကလည်း ရုရှားရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ အရှိန်မြင့်လာတဲ့နောက် ကလေးတွေ အပါအဝင် ဒေသခံ တချို့ကို အရေးပေါ် ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ဖူးပါတယ်။
Ref: BBC