စစ်ကိုင်းမြို့၊ တလိုင်းရွာ စစ်ရှောင်စခန်း လေကြောင်းနဲ့တိုက်ခိုက်ခံရပြီး အသက်ရှစ်လသား ကလေးငယ်အပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

သြဂုတ်၊ ၁၁
 
စစ်ကိုင်းမြို့၊ တလိုင်းရွာ ကံဦးဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံပြည်သူတွေရှိရာကို စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက်ရှစ်လအရွယ် ကလေးငယ်အပါအဝင် အမျိုးသမီး နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
” ဒီနေ့မနက်ခင်း ၄ နာရီ ၁၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ လက်နက်ကြီး ကျဲချတာ၊ ၂၃ နှစ်အရွယ် အမျိုးသမီးရယ်၊ ရှစ်လသား ကလေးငယ်ရယ်၊ ၆၅ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးရယ် လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတယ်။ အခုလည်း တလိုင်းကို ပဒူကနေ အင်အား အတော်များများ စစ်ကြောင်းထိုးထာ တလိုင်းရွာထဲ ပြည်သူတွေ ပိတ်မိနေတယ် ” လို့ မြေပြင်စစ်ရေးအခြေအနေကို သိရှိတဲ့ ဝက်လက်အင်ဖော်မေးရှင်းအဖွဲ့က DNA ကိုပြောပါတယ်။
လက်ရှိ တလိုင်းရွာနဲ့ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု လုပ်တာဖြစ်တယ်လို့လည်း ဒီကနေ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦးအပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတယ်လို့လည်း ဆက်သိရပါတယ်။
ဒီကနေ့ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ တလိုင်းရွာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမပတ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုကို ခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းထဲမှာ တလိုင်းရွာအပြင် အနီးအနားက ကျေးရွာက စစ်ရှောင်တွေ လာရောက်စစ်ရှောင်နေကြတာ ဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
 
စစ်ကိုင်းမြို့၊ တလိုင်းရွာ ဟာဆိုရင် ပြီးခဲ့တဲ့ တနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ခံခဲ့ရပြီး မြေပြင်စစ်ကြောင်းထိုးမှု ငါးကြိမ်ထက်မနည်း ခံခဲ့ရသလို ကျဆုံးပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း ၂၀ ကျော် ရှိထားတယ်လို့ ဒေသခံသတင်းအချက်အလက်စုဆောင်းသူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက တလိုင်းရွာ ကျေးလက်ဆေးခန်းကို လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကျေးရွာတွင်းက နေအိမ်ပေါင်း ၂၁၆ လုံး ဟာလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်းခံထားရပါတယ်။
 
ဓာတ်ပုံ – Ko Pyay
ပုံစာ – ပြီးခဲ့တဲ့ ဇူလိုင်လမှာ တွေ့ရတဲ့ တလိုင်းရွာက စစ်ဘေးရှောင်များ။ (ပုံဟောင်း)