ပုလဲမြို့နယ်မှာ ရပ်ကျေး ပကဖ ဒုခေါင်းဆောင် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံး

သြဂုတ်၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ဒုတိယခေါင်းဆောင် ကိုဇော်မျိုးသက်ကို အမည်မသိ လက်နက်ကိုင်တွေက သြဂုတ်လ ၉ ရက်မနေ့က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။
 
“ မနေ့ (ဩဂုတ် ၉ ရက်)က ညနေ ငါးနာရီဝန်းကျင်လောက်မှာ တနယ်ကျေးရွာရဲ့ ပကဖ ဒုခေါင်းဆောင် လုပ်ကြံခံလိုက်ရပါတယ်။ ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာတော့ လက်တလောမှာ အတိအကျပြောလို့ မရသေးဘူး ” လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုဇော်ထက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က တနယ်ကျေးရွာကို ရိက္ခာလာရှာတဲ့ အင်မထီးကျေးရွာက ပျူစောထီးတွေက ပကဖ ခေါင်းဆောင် ဦးမြင့်သိန်းကို ရွာထဲမှာ သတ်ဖြတ်ပြီးနောက် တပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ ပကဖနှစ်ဦး လုပ်ကြံခံရတာပါ။
 
တနယ်ကျေးရွာရဲ့ အရှေ့ဘက်မှာ ပကဖ ဒုခေါင်းဆောင် (တိုက်နယ် ပကဖ အဖွဲ့ဝင်) ကိုဇော်မျိုးသက် ကိုမနေ့က ညနေ ၅ နာရီ၊ ၂ဝမိနစ်ခန့်မှာ အမည်မသိလက်နက်ကိုင်တွေက ချောင်းမြောင်းပစ်ခတ် သတ်ဖြ တ်သွားခဲ့တာ ဖြစ်ပါတယ်။
 
ပစ်ခတ်မှုကြောင့် ပကဖ ဒုခေါင်းဆောင်ရဲ့ ဦးခေါင်းမှာ နှစ်ချက်၊ ရင်ဘတ်မှာ တချက် ဒဏ်ရာတွေရရှိခဲ့သလို ဝမ်းဗိုက်နဲ့ လမ်းမောင်းကိုပါ ဓားနဲ့ထိုးသွင် းလှီးဖြတ်သွားခဲ့ပြီး ပိုက်ဆံအိတ်ပါ ယူဆောင်သွားတယ်လို့ ပုလဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
 
တနယ်ကျေးရွာ ပကဖ ဒုခေါင်းဆောင် ကိုဇော်မျိုးသက်ကို လုပ်ကြံသတ်ဖြတ်ချိန် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာ မရှိသလို ပျူစောထီးအဖွဲ့တွေလည်း မရှိတာကြောင့် အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အခြားအဖွဲ့အစည်းတခုခုက ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ ကိုဇော်ထက်က ပြောပါတယ်။
 
“ စစ်ကောင်စီစစ်ကြောင်းက မနေ့က (ဩဂုတ် ၉ ရက်)မနက် ငါးနာရီကတည်းက ပုလဲနယ်ထဲက ထွက်သွားပြီ။ ဖြစ်စဉ်က ညနေရောက်မှ ဖြစ်တာဆိုတော့ သေချာတာတခုက ပကဖ ဒုခေါင်းဆောင်ကို သတ်ဖြတ်လုပ်ကြံသွားတာက စစ်ကောင်စီတပ်က လုပ်ကြံတာလည်း မဖြစ်နိုင်သလို ပျူကလည်း လာလုပ်ကြံတာ မဖြစ်နိုင်ဘူး။ သေချာတာကတော့ တော်လှန်ရေးခေါင်းစဉ်အောက်ကနေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ အဖွဲ့အစည်းတဖွဲ့ကနေ လာပြီးတော့ လုပ်ကြံသွားတာပေါ့ ” လို့ သူက ဆိုပါတယ်။
 
အခုလို အချင်းချင်း လုပ်ကြံသတ်ဖြတ်နေမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အရင်ကတည်းက အကြိမ်ကြိမ်တင်ပြထားပြီးဖြစ်သလို တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ပုံစံမျိုးစုံနဲ့ ပြစ်မှုကျူးလွန်နေတဲ့ အဖွဲ့တွေကို အမြန်ဆုံးအရေးယူပေးဖို့ လိုအပ်တယ်လို့ ကိုဇော်ထက်က ပြောပါတယ်။
 
တနယ်ရွာ ပကဖ ဒုခေါင်းဆောင်ကို ကျေးရွာရဲ့အရှေ့ဘက်မှာ အမည်မသိ လူနှစ်ဦးက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ပြီးတော့ လုပ်ကြံသတ်ဖြတ်သွားတာကို ဒေသခံတွေက တွေ့မြင်ခဲ့သလို မိသားစုဝင်တွေက အမှန်တရားပေါ်ပေါက်ဖို့အတွက် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
 
” မိသားစုဝင်တွေကတော့ လက်စားချေဖို့အတွက် မဟုတ်ပါဘူး။ ဒီလို တော်လှန်ရေးသမားအချင်းချင်း လုပ်ကြံသတ်ဖြတ်တာကိုတော့ အမှန်တရားပေါ်ပေါက်အောင် ဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့ကို တောင်းဆိုထားတယ် ” လို့ ကိုဇော်ထက်က ပြောပါတယ်။
 
အဲဒီလို လုပ်ကြံသတ်ဖြတ်တဲ့ သူတွေဟာ တိုက်ပွဲတွေမှာ လိုက်နာရမယ့် စစ်သည်တော်ကျင့်ဝတ် (COC) ကို မလိုက်နာတဲ့အဖွဲ့ကလို့ ပြောပေမယ့် ဘယ်အဖွဲ့ဆိုတာကိုတော့ ကိုဇော်ထက်က ရှင်းရှင်းလင်းလင်းမပြောကြားပါဘူး။
 
လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ တနယ် ပကဖ ဒုခေါင်းဆောင် ကိုဇော်မျိုးသက်ရဲ့ ဈာပနအခမ်းအနားကိုတော့ ဒီကနေ့ ဩဂုတ် ၁၀ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ မိသားစုဝင်တွေနဲ့ တော်လှန်ရေးရဲဘော်တွေက ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
 
” ကျွန်တော်တို့ဘက်ကလည်း သေချာပေါက် ပေါ်ပေါက်အောင်လုပ်ဖို့ဆိုတာ အာမတော့ မခံနိုင်ဘူးပေါ့၊ သို့သော် ဒီလို အကြမ်းဖက်လုပ်ရပ်လုပ်တဲ့ အဖွဲ့တွေကို အတတ်နိုင်ကြိုးစား ဖော်ထုတ်ပေးသွားမှာပါ ” လို့ ကိုဇော်ထက်က ပြောပါတယ်။
 
ဓာတ်ပုံ – Pale Entertainment