ရွှေဈေးနဲ့ဒေါ်လာဈေး ထပ်မံမြင့်တက်လို့ အရောင်းအဝယ်ဈေးကွက် ပိတ်ထားရပြန်

သြဂုတ်၊ ၁၀
 
ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေပေမယ့် ပြည်တွင်းရွှေ နဲ့ ဒေါ်လာဈေးနှုန်း လတ်တလော ထပ်မံမြင့်တက်နေတာကြောင့် အရောင်းအဝယ်ဈေးကွက် ပိတ်ထားရတယ်လို့ ရန်ကုန်မြို့က ရွှေနဲ့ ဒေါ်လာရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
 
“ ရွှေဈေးက ဒီနေ့မှာ အရောင်းအဝယ်မရှိဘူးနော်။ ဈေးက ၃၇ သိန်း‌ကျော်သွားပြီ။ ဘယ်သူမှလည်း မရောင်းရဲဘူး။ ဝယ်လည်း မဝယ်ဘူး။ ဈေးက မငြိမ်တော့လေ၊ ဘာမှမလုပ်ရဲဘူး။ စောင့်ကြည့်နေရတဲ့ အခြေနေလေ “ လို့ ရန်ကုန်ရှိရွှေကုန်သည်တဦးက ပြောပါတယ်။
 
သြဂုတ်လ ၉ ရက် မနေ့က အခေါက်ရွှေ တကျပ်သား ၃,၆၂၀,ဝဝဝ ကျပ်၊ ၁၅ပဲရည် ၃,၅၂၀,ဝဝဝ ကျပ်နဲ့ အမေရိကန်တဒေါ်လာ ၃,၄၇ဝ ကျပ်နဲ့ တယူရို ၃,၈၀၈ ကျပ်၊ စင်္ကာပူတဒေါ်လာ၂,၅၂ဝ ကျပ်နဲ့ ထိုင်းတဘတ်ကို ၉၉ ကျပ် စျေးပေါက်ခဲ့တာပါ။
 
ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ၃၇ သိန်းကျော်၊ ၁၅ ပဲရည် တကျပ်သား ၃,၅၂၀,၀၀၀ ကျပ်၊ အမေရိကန်တဒေါ်လာ ၃,၅၃ဝ ကျပ်၊ တယူရိုကို ၃,၈၆၅ ကျပ်၊ စင်ကာပူ တဒေါ်လာ ၂,၅၇၅ ကျပ် နဲ့ ထိုင်းငွေ တဘတ်ကို ကျပ်တရာစွန်းစွန်း အထိ ဈေးမြင့်တက်နေပြီး အချိန်အလိုက် အပြောင်းအလဲရှိနိုင်ပါတယ်။
 
ကမ္ဘာ့ရွှေစျေးဟာ သြဂုတ်လ ၉ ရက် မနေ့ကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၂၇ စျေးပေါက်ခဲ့ပေမယ့် ဒီနေ့မှာတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၂၀ အထိ ဈေးကျခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို ကမ္ဘာ့ရွှေစျေး ကျဆင်းပေမယ့် စင်ကာပူ UOB ဘဏ်က မြန်မာနဲ့သက်ဆိုင်တဲ့ အကောင့်တွေကို ငွေလွှဲကန့်သတ်မယ်ဆိုတာနဲ့ ဘဏ်တချို့က ပြည်ပလွှဲငွေတွေကို ပေါက်စျေးထက်ပေးဝယ်ကြတဲ့အတွက် ဒေါ်လာစျေးနဲ့ ပြည်တွင်းရွှေစျေး မြင့်တက်လာတာလို့ ရန်ကုန်က နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူတွေက သုံးသပ်ပါတယ်။
 
” ဒေါ်လာစျေး မြင့်တော့ ရွှေစျေးပါ လိုက်တက်ကြတာ။ မိုးတွင်း ရွှေအဝင်နည်းလို့ တက်တယ်လို့လည်း ပြောကြတာလည်း ရှိပါတယ် ” လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်ကြီးများ အသင်း (YGEA)က အခေါက်ရွှေတကျပ်သားကို ၂,၂၆၀,၈၀၀ ကျပ် ဈေးဖွင့်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ ဒီကနေ့ညနေ ၅ နာရီဝန်းကျင်မှာ ၃,၆၈၀,၀၀၀ ကျပ် ပေါက်စျေးရှိခဲ့ပါတယ်။
 
“ နှစ်သောင်းတန် မထွက်ခင်ကြေညာကတည်းက ဈေးက မငြိမ်တာလေ၊ တက်လာတာပဲလေ။ ထွက်လာတော့ ပိုဆိုးသွားတာပေါ့။ ငွေက တန်ဖိုးမရှိသလို ဖြစ်သွားတာ။ အဲ့ဒါကြောင့်လည်း ဈေးကတက်တာ “ လို့ ဒေါ်လာရောင်းဝယ်နေသူ နောက်တဦးက ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်က နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ ကြေညာချိန်ကလည်း ပြည်တွင်းရွှေနဲ့ နိုင်ငံခြားငွေစျေးနှုန်းတွေ ထိုးတက်ခဲ့ပြီး အရောင်းအဝယ်တွေ ပိတ်ထားရတဲ့ အခြေအနေ ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – AFP