ပုဂံဒေသရှိ အလိုတော်ပြည့် ဘုရားအနီး တိရိစ္ဆာန်တွေ မွေးမြူထားလို့ ဝေဖန်ခံနေရ

သြဂုတ် ၊ ၁၀

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ထင်ရှားတဲ့ဘုရားတဆူဖြစ်တဲ့ အလိုတော်ပြည့် ဘုရားအနီးမှာ တိရိစ္ဆာန်တွေမွေးမြူထားတာနဲ့ပက်သက်ပြီး မလုပ်သင့်ဘူးလို့ ဒေသခံတွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေကပြောပါတယ်။

“ ပြီးခဲ့တဲ့နှစ်ကတည်းက မွေးထားတာပေါ့ ။သံခြင်းတွေနဲ့ ခတ်ထားတယ် ။အဲဒါက အခုမှာလုပ်ထားတာ သိပ်မကြာသေးဘူး။ သံခြင်းတွေက အရင်တုန်းကမရှိဘူး ။ဟင်လင်ပြင်ကြီး ထဲအကောင်တွေ ဒီအတိုင်းလွတ်ထားတာ ။သံခြင်းတွေက သူတို့ထွက်လို့မရအောင်ကာလိုုက်တာထင်တယ်။ နဂိုကတည်းက အဲနားလေးမှာအကောင်တွေက တော့ရှိပါတယ်။ အခုလို ခြင်းတွေဘာတွေနဲ့ လုပ်လိုက်တော့ လူပြောစရာဖြစ်သွားတာပေါ့ ဘုရားနားဆိုတော့ကြတော့ လည်းမကြိုက်ကြဘူး ။မလုပ်စေချင်ကြဘူး ” လို့ ဒေသခံတဦးက ဆိုပါတယ်။

အလိုတော် ပြည့်ဘုရားအနီးက ပေသုံးဆယ် ပတ်လည်လောက်ရှိတဲ့ မြေကွက်ပေါ်ကို သံဇကာတွေနဲ့ ခြံစည်းရိုးပုံစံလုပ်ပြီး ယုန်၊ ကြက်၊ ကြက်ဆင်နဲ့ ဘဲ စတဲ့ တိရိစ္ဆာန်တွေကို မွေးမြူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဘုရားဖူးလာတဲ့ ကလေးတွေက အဲအကောင်လေးတွေကို အစားကျွေးတာတွေ လာကြည့်တာတွေတော့ မြင်ဖူးတယ်။ အကောင်က တအားအများကြီးတော့ မဟုတ်ဘူး ။ယုန်တွေဘာတွေလည်းရှိတယ်။ ခြင်းလုပ်ပြီး ထည့်ထားတာပေါ့။ အဲအနားကို တခြားအကောင်လေးတွေကို လည်းလာလွှတ်တဲ့သူတွေရှိတယ်။ အဲကြောင့်အကောင်တွေ ရောက်နေတာပါ ” လို့ အဲဒီဒေသခံကဆိုပါတယ်။

အလိုတော်ပြည့် ဘုရား ဂေါပကအဖွဲ့က ဘုရားအနီးမှာ ဘေးမဲ့အနေနဲ့ လာရောက်လွှတ်တဲ့ အကောင်လေးတွေကို အဝေးကို ထွက်မသွားနိုင်အောင် စောင့်ရှောက်တဲ့ အနေနဲ့ တိရိစ္ဆာန်ရုံသဖွယ်ခြံ ခတ်ပြီးထားတာဖြစ်တယ်လို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူတဦးကဆိုပါတယ်။

“ ဘာမှာ ထွေထွေ ထူးထူးတော့ လုပ်ထားတာမရှိပါဘူး ။သိပ်လည်း မကျယ်ပါဘူး ။အကောင်လေးတွေ အဝေးမသွားနိုင်အောင် လုပ်ပေးထားသဘောပါ။ ကလေးတွေကလည်း အဲနားရောက်ရင် အကောင်လေးတွေကို လာကြည့်တာ အစားကျွေးတာတွေ လုပ်တက်တယ်လေ ။အဲဒါကြောင့်လည်း ပါမှာပေါ့ ” လို့ သူကဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရှေးဟောင်း ဘုရားတွေဖြစ်နေတဲ့အတွက် လက်လွတ်စပယ်မလုပ်သင့်သလို ဖြစ်နိုင်ရင် လူနေထိုင်တာတွေကိုတောင် မလုပ်သင့်ဘူးလို့ အမည်မဖော်လိုသူရှေးဟောင်းပညာရှင် တဦးကသုံးသပ်ပါတယ်။

“ ဒီလို ကိစ္စတွေက ပြောရတာတော့လည်း ခက်တယ်ဗျ ။ဘာမှာမဖြစ်တဲ့ လုပ်ရပ်လေးဆိုပေမယ့်လည်း ဒီကတဆင့် ဘုရားစေတီတွေကို ထိ်ခိုက်သွားမှာ စိုးရိမ်ရတယ်။ ကျနော်တို့ အမြဲတမ်းပြောခဲ့တယ် ရှေးဟောင်းကို ရှေးဟောင်းအတိုင်းပဲထားတာကောင်းတယ်ဗျ ။ပြင်စရာမလိုသေးရင်တောင် မပြင်စေချင်ဘူး။ ထိန်းသိမ်းတာလောက်ပဲလုပ်ပေါ့ ။အခုက အကောင်တွေပါမွေးတဲ့ အဆင့်ဆိုတော့ ဘယ်လိုတောင်ပြောရမလဲ ။တကယ်တန်ဖိုးနာမလည်တဲ့ သူတွေကြောင့် အမွေအနှစ်တွေ ဆုံးရှုံးတာမျိုးတော့ မဖြစ်စေချင်ဘူး ” လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ နောက်ဆုံးအပတ်ကလည်း ပုဂံဒေသရှိ အာနန္ဒာဘုရားအတွင်းက နှစ်ပေါင်း တထောင်နီးပါး သက်တမ်းရှိတဲ့ ရုပ်ပွားတော်တွေကို ဘုရားဂေါပကအဖွဲ့က ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင်နေမှုကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့ပါသေးတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ အာနန္ဒာဘုရားအတွင်းက အရှေ့ဖက်နဲ့ အနောက်ဖက်က ရုပ်ပွားတော်တွေကို ရွှေချတာတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Photo_CJ