နမ့်ခမ်းမှာ မြေပြိုကျမှုကြောင့် အသက်နှစ်နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီးနှစ် ဦးဒဏ်ရာရ

 

သြဂုတ် ၊ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ  သြဂုတ်လ ၉ရက်မနေ့က မနက်ပိုင်းက မိုးသန်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အသက် နှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ အဲဒီနေရာတွေက တောင်ပေါ်ဒေသတွေလေ။နမ့်ခမ်းမြို့ရဲ့ တောင်ဖက်မှာရှိတယ်။ မြေပြိုတယ်ဆိုတာထက် တောင်ပြိုတာပေါ့။ အဲဒီမှာ မြေစာပိပြီးတော့ ကလေးတယောက်သေသွားတယ်။ အဲဒီဖက်က သွားချင်တိုင်း သွားလို့တော့မရဘူး ။နယ်မြေသိပ်မအေးချမ်းတဲ့ ဒေသတွေလေ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးကဆိုပါတယ်။

နမ့်ခမ်းမြို့နယ် ၊ဖာလင်ကျေးရွာအုပ်စု ၊မန်ကန်ကျေးရွာမှာ မနေ့ မနက် ၉နာရီလောက်မှာ မိုးသည်းထန်စွာရွာသွင်းမှုကြောင့် မြေပြိုကျပြီး ဒေသခံ ကလေးငယ် တဦးသေဆုံးခဲ့သလို အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် တအာင်းပြည်နယ် တပ်မဟာ(၁) စစ်ဒေသ အတွင်း မနေ့ မနက်ပိုင်းက မိုးသွန်းမှုကြောင့် ကျေးရွာ ၁၄ ရွာမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကသတင်းထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်လို့  နမ့်ခမ်းမြို့အတွင်းက မန်ကန်၊ မန်လုံ၊ နမ့်ဟွမ်၊ ကောင်းခေ၊ ပန်လော၊ ပန်ခါး၊ လွယ်မွန်း၊ ဆိုင်းတောင်၊ ဆာလူ၊ မန်အောင်၊ ဖာလင်၊ ကြူဆိုင်း၊ ပန်ဟန်ကြီးနဲ့ မန်စပ်ရွာ တွေမှာ မြေပြိုကျမှုတွေဖြစ်ပွားခဲ့တာပါ။

အဲဒီမြေပြိုကျမှုဖြစ်စဉ်တွေကြောင့် နေအိမ် ၂၆ လုံး နဲ့ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ သီလရှင်ကျောင်း တကျောင်း ပျက်ဆီးခဲ့သလို ကျေးရွာ ခြောက်ရွာအတွင်းရှိ လမ်းတွေပြိုကျပျက်ဆီးသွားခဲ့ပြီး ပန်ခါးရွာနဲ့ ပန်လောရွာကို ဆက်သွယ်ထားတဲ့ တံတား နှစ် စင်းလည်း ပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြုံနေရတယ်လို့ TNLA အဖွဲ့ ကထုတ်ပြန်ထားပါတယ်။

ကျေးရွာ ၁၄ ရွာအတွင်း မြေပြိုကျမှုကြောင့် ကျပ်သိန်း ရှစ်ရာ နီးပါး ပျက်ဆီးဆုံးရှုံးမှုရှိခဲ့ပြီး နေအိမ်တွေအပြင် အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆန်၊ ဆိုင်ကယ် နဲ့အခြားပစ္စည်းတွေလည်း မြေပြိုကျမှုကြောင့် ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

Photo_ TNLA