ထားဝယ် စစ်ဆေးရုံမှာ ဆေးခန်းသွားပြတဲ့ လောင်းလုံးက မိသားစုဝင်လေးဦး ဖမ်းဆီးခံထားရ

သြဂုတ် ၊ ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က စစ်ဆေးရုံမှာ ဆေးခန်းသွားပြတဲ့ လောင်းလုံးမြို့နယ်၊ ပညစ်ရွာခံ မိသားစုဝင်လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“နှစ်ယောက်က တပ်ရင်း(စစ်တပ်)မှာ၊ ကျန်နှစ်ယောက်က ရဲချုပ်(ရဲစခန်း)မှာလို့ပဲ သိရသေးတယ်၊ အဆက်အသွယ်သေချာမရတော့ ကျန်တာဘာမှ မသိရသေးဘူး” လို့ ပညစ်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ အသက် ၆၃ နှစ်ခန့်ရှိ ဦးမြင့်နဲ့ ဇနီး ဒေါ်ပိုသန်း၊ သားမက်ဖြစ်သူ  ဦးကျော်ဆန်းနဲ့ ချွေးမ ဒေါ်သန်းအေးတို့ဖြစ်ကြပါတယ်။

သူတို့ထဲက ဦးမြင့်နဲ့ ဦးကျော်ဆန်းတို့ကိုတော့ စစ်ကောင်စီတပ် တပ်ရင်းတခုမှာ ဖမ်းဆီးထားပြီး ကျန်အမျိုးသမီးနှစ်ဦးကိုတော့ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ကနဦးသိရပေမယ့် အတိအကျတော့ အတည်မပြုနိုင်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

သူတို့လေးဦးဟာ အခြားရွာခံလေးဦးနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်မှာ  ထားဝယ်မြို့ပေါ် အတူတက်ခဲ့ကြပြီး အမှတ် (၁၂) ကုတင်တရာ၊ တပ်မတော်စစ်ဆေးရုံမှာ ဆေးခန်းသွားပြတဲ့အချိန် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

ထားဝယ်မြို့ပေါ် အတူတက်သွားတဲ့ အခြားရွာခံလေးဦးနဲ့တော့ အဆက်အသွယ်ရရှိပေမယ့် ရွာကိုတော့ ပြန်မရောက်လာသေးဘူးလို့ ရွာခံတွေဆီကနေ သိရပါတယ်။

“ဖမ်းတာကတော့ ပညစ်ရွာခံဖြစ်နေလို့ပဲ ထင်တယ်၊ အရင်ကလည်း ပညစ်ရွာကို စစ်တပ်က ဝင်ပြီး အိမ်တွေမီးရှို့ဖူးတယ်၊ ဆေးခန်းပြတော့ လိပ်စာတွေပေးရတော့ ပညစ်ကဆိုတာသိသွားပြီး စစ်ဆေးနေတာလို့ထင်တယ်” လို့ ပညစ်ရွာခံတဦးက DNA ကို ပြောပါတယ်။

လောင်းလုံးမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ ပင်လယ်ကမ်းနားရွာတရွာဖြစ်တဲ့ ပညစ်ကျေးရွာအနီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်က PDF စခန်းတခုကို စစ်ကောင်စီတပ်တွေဝင်ရောက်သိမ်းပိုက်ခဲ့သလို အခု ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်လည်း ပညစ်ကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်ငါးလုံးကို မီးရှို့ခဲ့ဖူးပါတယ်။