သြဂုတ် ၊ ၁၀
ပြင်သစ်မှာ မသန်စွမ်း သက်ကြီးရွယ်အိုတွေအတွက် တည်ဆောက်ထားတဲ့ အပန်းဖြေ ရိပ်သာတခု မီးလောင်မှု ဖြစ်ပွားပြီး လူတဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။
ဩဂုတ် ၉ ရက်က ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားတဲ့ မီးလောင်မှုမှာ မီးတွေက အရမ်း လျင်လျင်မြန်မြန် ကူးစက်ခဲ့တာကြောင့် အဆောက်အအုံ အပေါ်ထပ်မှာ ပိတ်မိနေသူတွေအတွက် ဘယ်လိုမှ အခွင့်အရေး မရှိခဲ့ဘူးလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။
ကိုလ်မာဒေသရဲ့ လက်ထောက် အစိုးရရှေ့နေ နာသာလိုင် ကီရယ်ဝက်ဆာက အယ်လ်ဆာဆီယန် မြို့လေးထဲက ပုဂ္ဂလိကဂေဟာ အပေါ်ထပ်မှာ အိပ်စက်နေသူ ၁၁ ဦး ပိတ်မိနေရာက မီးလောင် သေဆုံးခဲ့ပြီး ၅ ဦးကတော့ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။ အောက်ထပ်မှာ နေထိုင်သူ ၁၂ ဦးကိုတော့ အချိန်မီ ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာ အနည်းအကျဉ်း ရှိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ ရန်ပုံငွေ အဖွဲ့ ၂ ခုရဲ့ ပူးပေါင်း စီစဉ်ပေးမှုအရ အပျော်ခရီး ထွက်လာရင်း ကံဆိုးခဲ့ကြတာလို့ ဆိုပါတယ်။ အသက်ရှင် လွတ်မြောက်လာသူတွေထဲက ၁ ဦးဟာ ဒဏ်ရာ အပြင်းအထန် ရထားတာကြောင့် ဆေးရုံတင်ပို့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ အဲဒီ အဆောက်အအုံဟာ လုံခြုံရေးဆိုင်ရာ သတ်မှတ်စံနှုန်းအားလုံး ပြည့်မီအောင် လိုက်နာပြီး တည်ဆောက်ထားတယ်လို့ ကီရယ်ဝက်ဆာက အတည်ပြုခဲ့ပါတယ်။
မီးလောင်ပြီး နာရီပိုင်း အကြာမှာ ပြင်သစ် ဝန်ကြီးချုပ် အဲလိဇဘက်သ် ဘွန်းကိုယ်တိုင် အခင်းဖြစ်တဲ့ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ သူက ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အစိုးရက နှစ်သိမ့် အားပေးလိုတယ်ဆိုတာ သိမြင်စေချင်ကြောင်း ပြောပါတယ်။
နှစ်ထပ် အဆောက်အအုံ အောက်ထပ်ကို အုတ်တွေနဲ့ တည်ဆောက်ထားပြီး အပေါ်ထပ်ကိုတော့ သစ်လုံးကြီးတွေနဲ့ အဓိက တည်ဆောက်ထားပါတယ်။ အဲဒီဗိသုကာ ဒီဇိုင်းပုံစံဟာ ဒေသတွင်းမှာ အသုံးများတဲ့ တည်ဆောက်ပုံမျိုးလို့ သိရပါတယ်။
သေဆုံးသူ အများစုဟာ နန်ဆေးမြို့ကနေ လာရောက် အပန်းဖြေနေတဲ့ သက်ကြီးရွယ်အိုတွေလို့ ရဲတွေက ပြောပေမယ့် တခြား အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။
အခုမီးလောင်မှုဟာ ပြင်သစ် တနိုင်ငံလုံးမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဲဒီနှစ် ဩဂုတ်လတုန်းက ရူအွန်မြို့မှာ မြေအောက်နိုက်ကလပ်တခု မီးလောင်ရာက လူ ၁၄ ဦး သေဆုံးခဲ့ဖူးပါတယ်။