သြဂုတ်၊ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်းကျေးရွာက လက်ဖက်ရည်ဆိုင်တခုမှာ ပစ်ခတ်မှုဖြစ်ပွားလို့ ပြည်သူ့စစ်တဦးအပါအဝင် သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။
“ လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်တာ၊ အဲဒီမှာပဲ နှစ်ဦးသေတယ်၊ ပြည်သူ့စစ်တဦးရယ်၊ အရပ်သားတဦးရယ် ပြီးတော့ သုံးဦးဒဏ်ရာရတယ်၊ အဲဒီထဲက တဦးပေါ့နော်၊ ရေး ဆေးရုံအရောက်မှာ တဦးထပ်သေတယ်ပေါ့၊ အားလုံးသေတာက သုံးဦးဖြစ်သွားတာပေါ့ ” လို့ ဒေသတွင်းလူမှုကူညီရေးအသင်းဝင်တဦးက DNA အတည်ပြုပါတယ်။
ရေးမြို့နယ်၊ အစင်းကျေးရွာ ဈေးထိပ်မှာ ရှိတဲ့ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်ထဲကို ဩဂုတ်လ ၉ ရက်ဒီကနေ့မနက် ၈ နာရီခန့် က လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိ လူငယ်နှစ်ဦးက ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် အစင်းကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ရာအိမ်မှူး အသက် ၆၈ နှစ်အရွယ် ဦးယဉ်ဝေမှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်၊ ကျောပြင်နဲ့ ရင်အုံကျည်ဖောက်ထွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားသလို ဇီးဖြူသောင်ကျေးရွာမှ အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းမှာ ယာပါး၊ လည်ပင်းတွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ သုံးချက်နဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇီးဖြူသောင်ကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ရေလုပ်သား ဦးလတ်ကတော့ လက်မောင်းနဲ့ ဝမ်းဗိုက်မှာ ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက်၊ အစင်ကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ပြည်သူ့စစ် (ရာအိမ်မှူး) ဦးဝင်းထိုက်မှာ ယာလက်မောင်းနဲ့ ယာလက်ပြင် ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက်၊ အစင်းကျေးရွာမှ ခြံလုပ်ကိုင်သူအသက် ၂၇ နှစ်အရွယ် ဦးမျိုးထွန်းကတော့ ဝဲပါးကျည် ဖေါက်ဝင်ဒဏ်ရာတချက်တို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲက ထိခိုက်ဒဏ်ရာ ရရှိသူသုံးဦးကို ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် အရပ်သားတဦး ထပ်မံသေဆုံးသွားတယ်လို့ လူမူကူညီရေးအသင်းဝင်က ပြောပေမယ့် ဘယ်သူဆိုတာတော့ အတိအကျမသိရဘူးလို့ ပြောပါတယ်။
” သူတို့က ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ၊ အားလုံးပေါင်းရင် အချက် နှစ်ဆယ်လောက် ရှိနိုင်မယ်ထင်တယ်၊ M 19 ကျည်နဲ့ပဲ ၊ လူငယ်တွေပဲ ၊ Mask တပ်ထားတယ်၊ နှစ်ယောက်ပဲ သူတို့လာတာ၊ ဘယ်သူလည်းတော့ မသိသေးဘူးပေါ့နော်၊ အခုလို လူများကြီး ရှိတဲ့နေရာမှာဆိုတော့ ဘာမှမဟုတ်တဲ့ ပြည်သူတွေလည်း ထိသွားတာတော့ မကောင်းဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိထိခိုက်ဒဏ်ရာရရှိထားတဲ့သူ နှစ်ဦးထဲက တဦးကတော့ ရေးမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန်တဲ့ တဦးကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားကာ သူတို့နှစ်ဦးစလုံးက အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ လူမူကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ဒီကနေ့ ညနေပိုင်းအချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ဒေသတွင်းလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို DNA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေ၊ စစ်ကောင်စီထောက်ခံသူတွေ၊ သတင်းပေးတွေကို တော်လှန်ရေးအင်အားစုတွေဘက်က မကြာခဏ ပစ်ခတ်လေ့ရှိပြီး အဲဒီအများစုကိုတော့ ရေးဘီလူးအဖွဲ့က လုပ်ဆောင်လေ့ရှိပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်