ဒီပဲယင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံသောင်းချီ ထပ်မံတိမ်းရှောင်ရပြန်

သြဂုတ်၊ ၉
 
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံသောင်းချီ ထပ်မံစစ်ရှောင်နေရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
 
“ ဒီပဲယင်းက စစ်ကြောင်းက ဒီနေ့မနက် အနောက်ခြမ်းကို ထွက်လာပြီး ဒေသခံတွေက မနေ့က ညကတည်းက တိမ်းရှောင်နေကြတာ။ အခုလို စစ်ကြောင်းထိုးလာမှာ စိုးလို့လေ၊ ကြိုပြီးတိမ်းနေတာ။ ဒီနေ့မနက်နဲ့ဆိုရင် ဒေသခံ တစ်သောင်းခွဲလောက် ရှောင်နေရပါတယ် ” လို့ ရေဦးအခြေပြု Pepole’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
 
စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၇၀၈) နဲ့ (၇၀၂) ပူးပေါင်းအင်အား တရာကျော်ဟာ သြဂုတ်လ ၉ ရက်ဒီကနေ့မနက် အစောပိုင်းမှာ ဒီပဲယင်းအနောက်ခြမ်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာပါ။
 
အဲဒီစစ်ကြောင်းကြောင့် ဒီပဲယင်းအနောက်ခြမ်းက ငြိမ်းချမ်း၊ ယင်းတွေ၊ လပ်တီး၊ နှောပင်၊ ပုဂံ၊ နှဘဲလှ၊ အေးသာယာ (ခ) ပျံကျ၊ ကြခတ်၊ မကျည်းစောက်၊ ဝပါ၊ သပြေသာ၊ အင်းတန်း၊ တောကျောင်း နဲ့ မဲသယ် စတဲ့ကျေးရွာတွေက ဒေသခံသောင်းချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။
 
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ဒီပဲယင်းအနောက်ခြမ်း အေးသာယာ ခေါ်ပျံကျရွာမှာ ဝင်ရောက်တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
“ အခုလက်ရှိ ခွေးတွေက ဒီပဲယင်းအနောက်ခြမ်း အေးသာယာ ခေါ် ပျံကျရွာမှာ တပ်စွဲထားတယ်။ လက်နက်ကြီးနဲ့ ပစ်တာခတ်တာတွေလည်း လုပ်နေတယ်။ ထိခိုက်တဲ့သူတော့ မကြားသေးဘူး။ ရှိလည်း အတည်ပြုလို့ မရသေးဘူး။ အကုန်ဖရိုဖရဲ ထွက်ပြေးနေရတော့လေ “ လို့ကိုထူးခန့်ဇော်က ပြောပါတယ်။
 
ဒီပဲယင်းနယ်ထဲကို စစ်ကောင်စီက ရက်ခြားဆိုသလို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ မကြာခဏဆိုသလို ရှောင်တိမ်းနေရတဲ့အတွက် နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးတွေ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်ညီနောင်များ