နိုင်ငံရေးနဲ့ ငါးနှစ်ကြာ မပတ်သက်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း တားမြစ်ခံရ

သြဂုတ်၊ ၉

နိုင်ငံရေးနဲ့ ၅ နှစ်ကြာ မပတ်သက်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို နိုင်ငံရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ခန်းကို ထောင်ဒဏ် ၃ နှစ် စီရင် ချမှတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ၃ ရက်အကြာမှာ ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က အခု ကန့်သတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အရ ခန်းဟာ ရွေးကောက်ခံ အမတ်တဦး အဖြစ်ကနေလည်း နုတ်ထွက်ပေးရမယ်လို့ သိရပါတယ်။

အသက် ၇၀ အရွယ် ခန်းဟာ ၂၀၁၈ မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရပေမယ့် မနှစ်တုန်းကတော့ နိုင်ငံရေးမှာ အရှိန်အဝါ ကြီးကြီးမားမား ရှိနေဆဲဖြစ်တဲ့ စစ်တပ်နဲ့ ပဋိပက္ခ ဖြစ်ခဲ့တဲ့နောက် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုအရ ဝန်ကြီးချုပ် အဖြစ်ကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ သူဟာ ပါကစ္စတန် သမိုင်းမှာတော့ အယုံအကြည်မရှိ အဆိုကြောင့် ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့တိုင် ခန်းဟာ လွှတ်တော်ထဲမှာ ဆက်ရှိနေသလို နိုင်ငံရေး နယ်ပယ်မှာ ကြီးကြီးမားမား ဩဇာညောင်းနေဆဲ အတိုက်အခံ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သူဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်တွေအရ ထောင်ဒဏ် ချမှတ် ခံခဲ့ရပြီး နိုင်ငံရေးနဲ့ ၅ နှစ်ကြာ မပတ်သတ်ဖို့ ပိတ်ပင် ခံလိုက်ရတာ ဖြစ်ပါတယ်။

စွဲချက်တွေအရ ခန်းဟာ Rolex လက်ပတ်နာရီတွေ အပါအဝင် ပါကစ္စတန်ငွေကြေး ရူပီး သန်း ၁၄၀ လောက် တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို နိုင်ငံရပ်ခြားကနေ လက်ခံခဲ့ပြီး ပြန်ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။ ခန်းကတော့ သူဟာ ဘယ်လို အမှားအယွင်းမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ပါကစ္စတန် နိုင်ငံရဲ့ ဥပဒေတွေအရ ပြစ်မှုကျူးလွန်တယ်လို့ စီရင်သတ်မှတ် ခံရသူတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်တဲ့ ကာလ အတိုင်းအတာ တခုထိ ရွေးကောက်ပွဲဝင်ခွင့်၊ လွှတ်တော်အမတ်ဖြစ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

ခန်းကို အားပေး ထောက်ခံသူတွေကတော့ ဒီကိစ္စဟာ ပြိုင်ဘက်တွေရဲ့ နိုင်ငံရေး ခြေထိုးမှု တခုသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး ခန်းရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ကလည်း ကော်မရှင် ဆုံးဖြတ်ချက်ကို အယူခံ ဝင်မယ်လို့ ပြောပါတယ်။ ခန်းဟာ လတ်တလောမှာတော့ အစ္စလာမ်မာဘတ် မြို့တော်နားက အကျဉ်းထောင် တခုမှာ ဖမ်းဆီးချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။  

 

Ref: BBC