ဘုတလင်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့ ကလေးတဦးဒဏ်ရာရ၊ PDF နှစ်ဦးအပါအဝင် ကိုးဦးကို ဖမ်းဆီး

သြဂုတ်၊ ၉
 
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်ဘက်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး PDF နှစ်ဦး အပါအဝင် ဒေသခံကိုးဦးလည်း ဖမ်းဆီးခံခဲ့ပါတယ်။
 
“ စစ်ကြောင်းက မနေ့ကတည်းက ထိုးနေတာ။ စစ်ရှောင်ရတာတော့ အများကြီးပဲဗျ။ အများကြီးကို စကစ က သူတို့အထိုင်စခန်း မရောက်မချင်း ထိုးနေတာဆိုတော့ တော်တော်များတယ်ဗျ။ ကလေးတဦးလည်း ထိသွားတယ် “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဘုတလင်မြို့နယ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် မောင်းထောင်ရွာက ကလေးငယ်တဦး ဒဏ်ရာရရှိသလို အဲဒီရွာက အသက်နှစ်ဆယ်နဲ့ လေးဆယ်ကြား အမျိုးသားခုနှစ်ဦးနဲ့ ကျုံးရွာက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်ညက ဘုတလင်မြို့နယ်၊ မီးသတ်ဦးစီးဌာန ရုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး မီးသတ်ဦးစီးမှူး အပါအဝင် လူပေါင်း ၂၁ ဦးကို ဖမ်းဆီးခဲ့တာကြောင့် အခုလိုစစ်ကြောင်းထိုးတာတွေ လုပ်ဆောင်တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။
 
အင်အား ရှစ်ဆယ်ကျော်ပါ စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၈ ရက်၊ မနက် ၇ နာရီခန့်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စည်ပါရွာ ကိုစစ်ကြောင်းထိုးခဲ့ကာ ညနေပိုင်းမှာ ကျောင်းရွာထဲ ဝင်ရောက်ခဲ့ပြီး ညအိပ်တပ်စွဲခဲ့တာပါ။
 
အဲ့ဒီနောက် ဒီနေ့မနက်မှာ မောင်းထောင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ကာ မောင်းထောင်ရွာက အရပ်သား ခုနှစ်ဦးနဲ့ ကျုံးရွာက PDF နှစ်ဦး စုစုပေါင်း ကိုးဦးလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့၊ ကူတော်ကျေးရွာ မှာရှိတဲ့ အထိုင်စခန်းကို ပြန်ရောက်သွားပြီး ဖမ်းဆီးသွားတဲ့ သူတွေကိုလည်း သူတို့စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
 
“ အသေးစိတ်တော့ မသိရသေးဘူးဗျ။ ရွာခံတွေပဲ။ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် နှစ်ဦးလည်း ဖမ်းခံရတယ်။ လက်နက်နှစ်လက်နဲ့ စကားပြောစက်နှစ်လုံးလည်း ပါသွားတယ် “ လို့ အဲဒီဒေသခံက ပြောပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် စည်ပါ၊ ငပရင်း၊ ကျွဲသေချောင်း၊ ဆည်ကုန်း၊ ဆယ်ဝ၊ စိုင်ပြင်လေး၊ ကျောင်းရွာ၊ ကျုံးရွာ၊ ညောင်ကန်၊ရွာသာ၊ ဖြောက်ဆိပ်ကုန်းနဲ့ မောင်းထောင် အပါအဝင် အနီးအနားကျေးရွာတွေ ဒေသခံ ထောင်နဲ့ချီပြီး စစ်ရှောင်နေရပါတယ်။
 
ဓာတ်ပုံ – CJ
ပုံစာ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) ဒေသခံတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးခဲ့စဉ်။