မိုးပေါ်က ပြုတ်ကျလာတဲ့ မြွေနဲ့ အစာဇောကပ်နေတဲ့ စွန်ငှက်တို့ တပြိုင်တည်း တိုက်ခိုက်တာ ခံရတဲ့ အမျိုးသမီး

သြဂုတ်၊ ၉

အမေရိကန် နိုင်ငံမှာ မိုးပေါ်က ပြုတ်ကျလာတဲ့ မြွေအပြင် စွန်ရဲတကောင်ရဲ့ တိုက်ခိုက်မှုကိုပါ ကြုံခဲ့ရတာကြောင့် အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

တက္ကဆက်စ် ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် ပက်ဂီဂျုံးစ်က သူ့ဖာသာ အေးအေးလူလူ မြက်ရိတ်နေတုန်း တိရစ္ဆာန်ရိုင်း နှစ်ကောင်ရဲ့ ရုတ်တရက် ရန်ပြုမှုနဲ့ ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ အတွေ့အကြုံဆိုးကို ပြန်လည် ဝေမျှခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက စွန်ငှက်တကောင်ဟာ မြွေတကောင်ကို သုတ်ချီသွားရာက လွတ်ကျပြီး မြွေက ပက်ဂီရဲ့ အပေါ်တည့်တည့်ကို ကျသွားပါတယ်။ ထိတ်လန့်ပြီး ဒေါသထွက်နေတဲ့ မြွေက အမျိုးသမီးရဲ့ လက်ကို ရစ်ပတ်ပြီး မျက်နှာကို လှမ်းပေါက်ခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ စွန်ငှက်က ပက်ဂီဟာ သူ့အစာကို လုတယ်လို့ ယူဆပြီး ခြေသည်းတွေနဲ့ ကုတ်ခြစ် တိုက်ခိုက်တာကြောင့် အမျိုးသမီးရဲ့ အသားမှာ စွန်ကုတ်ဒဏ်ရာတွေ နက်နက်ရှိုင်းရှိုင်း ရသွားခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်က တက္ကဆက်စ်မှာရှိတဲ့ ဆီလ်စ်ဘီမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ ထူးထူးဆန်းဆန်း ကိစ္စအပြီး ပက်ဂီဟာ ဆေးရုံပါ တက်ခဲ့ရပါတယ်။ မြွေက သူ့ကို ပေါက်တဲ့အခါ မျက်မှန် ခံနေလို့သာ မျက်လုံးကို မထိခဲ့တာလို့ ပက်ဂီက ပြောပြပါတယ်။ မြွေနဲ့သူ လုံးထွေးပြီး ရှုပ်ယှက်ခတ်နေတုန်း စွန်ငှက်ကပါ ရန်ပြုတာ ခံခဲ့ရတာ ဖြစ်ပါတယ်။ စွန်က ပက်ဂီရဲ့ ခန္ဓာကိုယ်ပေါ် ရစ်ပတ်နေတဲ့ မြွေကို သုတ်ချီဖို့ ကြိုးစားရင်း ပက်ဂီကိုပါ နှုတ်သီးနဲ့ဆိတ်ပြီး ခြေသည်းတွေနဲ့ ကုတ်ခဲ့ပါတယ်။ 

နောက်တော့ သူ့ခင်ပွန်း ရောက်လာပြီး ပက်ဂီကို ဆေးရုံပို့ပေးခဲ့ပါတယ်။ တိရစ္ဆာန်နှစ်ကောင် ဘာတွေဆက်ဖြစ်သွားသလဲ ဆိုတာကိုတောင် သူမသိတော့ဘူးလို့ ပက်ဂီက ဆိုပါတယ်။ သူနေထိုင်ရာ မြို့လေးထဲမှာ မြွေတွေကို စွန်တွေချီသွားတဲ့ မြင်ကွင်းမျိုးက မစိမ်းလှပေမယ့် အခုလိုမျိုးတော့ ဘယ်သူမှ မကြုံဖူးလောက်ဘူးလို့လည်း ပက်ဂီက ပြောကြားသွားပါတယ်။

 

Ref: BBC