ခင်ဦးမှာ စစ်ကြောင်းနှစ်ကြောင်း ပစ်ခတ်ဝင်ရောက်နေလို့ ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရပြန်

သြဂုတ်၊ ၉
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း နှစ်ကြောင်းက ဒီကနေ့ သြဂုတ် ၉ ရက် မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ခင်ဦး ရွာသန်းရွာ နဲ့ အနီးအနားက ကျေးရွာတွေက ဒေသခံ ၈၀၀၀ လောက်ဟာ စစ်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ လောက်ဟာ ဒီကနေ့ မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရွာသန်းရွာကို ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ရွာထဲက နေရာနှစ်ခုကို မီးရှိုဖျက်ဆီးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
 
အဲဒီစစ်ကြောင်းကြောင့် ရွာသန်းကျေးရွာ အပါအဝင် ရေအေးကုန်း၊ ကျီးကန်၊ ပန်းတွင်း၊ လက်ပံလှ စတဲ့ကျေးရွာက ဒေသခံ ၅၀၀၀ ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
အလားတူပဲ ဒီကနေ့ မနက်ပိုင်းမှာပဲ ရေဦးမြို့ နဲ့ ၂ မိုင်လောက်ဝေးတဲ့ ခင်ဦးနယ်၊ အင်းပတ်ကွေ့ ဈေးတန်းအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖို့ ပစ်ခတ်နေတာကြောင့် အင်းပတ်ကျေးရွာ အပါအဝင် မြကန်၊ ချမ်းသာကုန်း စတဲ့ ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ဟာလည်း ထွက်ပြေးနေရပြန်တာလို့ ဆိုပါတယ်။
 
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး