သြဂုတ်၊ ၈
စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ခွင့်ရထားတဲ့ တရုတ်ဝမ်ပေါင် နဲ့ ယန်စီကုမ္ပဏီအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ မြေပြင် သပိတ်အင်အားစုတွေ စုပေါင်းပြီး သတိပေးလိုုက်ပါတယ်။
“ စီမံကိန်းအနားမှာ ဧရိယာတိုးချဲ့တာတွေ စစ်ကြောင်းထိုးတာတွေ လုပ်လာတယ်။ သူတို့(စကစ)အနေနဲ့ ဘတ်ဂျက်လျော့နည်းနေလိုု စီမံကိန်းကိုပြန်လုပ်ချင်တာပေါ့ ။ကျနော်တို့က ဒါကိုလည်ပတ်ခွင့်မပေးနိုင်ဘူး ‘’ လို့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ မချောစုဟန်က DNA ကိုပြောပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကြေးနီထုတ်လုပ်ရေး စီမံကိန်းဟာ ဒေသနယ်မြေ မတည်ငြိမ်မှုတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ စီဒီအမ်ပြုလုပ်ခဲ့တာတွေကြောင့် ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေကို အခုထိရပ်နားထားရတာပါ။
ဒါပေမယ့် လက်ရှိမှာတော့ ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီတပ်တွေနဲ့ ပေါင်းပြီး စီမံကိန်းဧရိယာတွေကို တိုးချဲ့တာတွေ အပြင် လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်လာတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့ကြောင့်လက်ပံတောင်းတောင်ကနေ ကြေးနီထုတ်ခွင့်ရထားတဲ့ တရုတ်ကုမ္ပဏီကို စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ မုံရွာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့အပါအဝင် ဒေသခံ လူထုသပိတ်စစ်ကြောင်း ၁၇ ခုက စုပေါင်းပြီး မနေ့က ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။
‘’လုပ်ငန်းပြန်လုပ်တာနဲ့ ကျနော်တို့ပြည်သူတွေအတွက် တော်လှန်ရေးခါးကျိုးသွားနိုင်တယ် ။ဒါ့ကြောင့် ဝမ်ပေါင်ကိုမင်းအောင်လှိုင်အာဏာသိမ်းထားတဲ့ကာလအတွင်း လုံးဝလုပ်ငန်းမလည်ပတ်စေချင်ဘူးပေါ့နော် ” လို့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ မချောစုဟန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်စာရင်းတွေအရ လက်ပံတောင်းတောင်ကနေ တနှစ်မှာ ကြေးနီမတ်ထရစ်တန် ၂၄,၅၄၉ တန်ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ ၁၄၆ သန်းရရှိခဲ့ တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ရဲ့စာရင်းတွေအရသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင်စီမံကိန်းလေ့လာသုံးသပ်ရေးကော်မရှင်ရဲ့ ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ချက်အရ မြန်မာအစိုးရက ၅၁ရာခိုင်နှုန်း၊စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ ဝမ်ပေါင်မြန်မာက သုံးဆယ်ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေရရှိမှာပါ။
လက်ရှိမှာ ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စီမံကိန်းဧရိယာအတွင်း စခန်းချခွင့်ပြုထားပြီး စားနပ်ရိက္ခာကိုပါထောက်ပံ့ပေးတဲ့အပြင် စစ်ကြောင်းထိုးတဲ့နေရာတွေကို ကုမ္ပဏီကားတွေ ု အသုံးပြုပို့ဆောင်ပေးနေသလို အနီးနားရွာတွေကို စီမံကိန်းအတွင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို ခွင့်ပြုပေးထားတယ်လို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။
ကြေးနီစီမံကိန်းအတွင်း အထိုုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ သွားကားလမ်းပေါ်မှာ ခရီးသွားတွေကို အကြောင်းမဲ့ ပစ်ခတ်တာတွေအပြင် ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်နေသလို အနီးနားက ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ ကြေးတွေသယ်ယူချိန်မှာ ပုသိမ်-မုံရွာကားလမ်းဘေးရှိ ပြည်သူတွေကို မနေရဲအောင် ရှင်းလင်းလေ့ရှိတယ်လို့ ကြေညာချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ဝမ်ပေါင်နဲ့ ယန်စီကုမ္ပဏီတွေအနေနဲ့ စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာတွေနဲ့ ဒေသခံတွေအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းအပါအဝင် အကျိုးပြုလုပ်ငနး်လုပ်တွေ ဆောင်ရွက်ရမည့်အစား စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုလုပ်ငန်းတွေ မီးရှိုှု့ဖျက်ဆီးတဲ့လုပ်ငန်းတွေနဲ့ သတ်ဖြတ်နေတဲ့လုပ်ငန်းတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊စက်တင်ဘာလလောက်မှစတင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ထန်းတော၊ တုံတော၊ ဆည်တည်း၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ကိုင်းရွာ၊ ဝဲကွဲ၊ ဖောင်းကတောနဲ့ ကံကုန်း စတဲ့ ကျေးရွာတွေရှိ နေအိမ် ခြောက်ရာ နီးပါးလောက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့မချောစုဟန်က ဆိုပါတယ်။
ဒါအပြင် စီမံကိန်းအနီးရှိ ကျေးရွာတွေက ဒေသခံ ၁၇ ဦးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးရင် ဖမ်းဆီးးသတ်ဖြတ်ခဲ့တယ်လိုဆိုပါတယ်။
တရုတ်နိုင်ငံရင်းနှီးမြှပ်နှံမှုတခုဖြစ်တဲ့ မုံရွာမြို့အနီးချင်းတွင်းမြစ်တဖက်ကမ်းဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်၊ ကြေးစင်တောင်နဲ့စံပယ်တောင် ကြေးနီစီမံကိန်းတွေကို ရပ်တန့်ဖို့ ဒေသခံကာကွယ်ရေးတပ်တွေက ၂၀၂၂ခုနှစ်၊ဧပြီလက သတိပေးထားပါသေးတယ်။
တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီဝမ်ပေါင်ရဲ့ လက်အောက်ခံ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီကုမ္ပဏီတွေကိုစစ်ကောင်စီအတွက်သာ အကျိုးရှိစေတယ်ဆိုပြီး အာဏာသိမ်းပြီးမကြာခင်မှာအမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားပါတယ်။
ဧကပေါင်း ၇,၈၀၀ ကျော်ရှိတဲ့ လက်ပံတောင်းတောင်စီမံကိန်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကစတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊စက်တင်ဘာလကစတင်ပြီး စီးပွားဖြစ်တူးဖော်နေခဲ့တာဖြစ်ပါတယ်။