မလေးရှားသွားတဲ့ စက်လှေ တိမ်းမှောက်လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေ

သြဂုတ်၊ ၈
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မလေးရှားနိုင်ငံကို သွားတဲ့ စက်လှေတစီး နစ်မြုပ်၊ ပျက်စီးသွားခဲ့လို့ ရိုဟင်ဂျာ လေးဆယ်ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံရိုဟင်ဂျာတွေ ပြောကြားချက်နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ရသေ့တောင်မြို့နယ်၊ အာကာတောင်၊ အနောက်ပြင် စတဲ့ ရိုဟင်ဂျာရွာတွေမှ လူငါးဆယ်ကျော်ကို တင်ဆောင်ပြီး မလေးရှားသို့ ထွက်ခွာတဲ့ စက်လှေဟာ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေအနီးမှာ လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ပျက်စီးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
အဲဒီလိုပျက်စီးသွားတဲ့စက်လှေကနေ မျောပါလာတဲ့ ရိုဟင်ဂျာ အမျိုးသား ရှစ်ဦးနဲ့ ရေနစ်သေဆုံးနေတဲ့ အမျိုးသမီး နှစ်ဦး တို့ကို စစ်တွေမြို့နယ်၊ ဘာဆရာရိုဟင်ဂျာရွာ အနီး ဩဂုတ်လ ၇ ရက်မနေ့က ဒေသခံတွေက တွေ့ခဲ့ကြတာပါ။
 
” အဲလောက်ပဲ တွေ့သေးတယ်။ ကျန်တဲ့လူတွေကို မတွေ့သေးဘူး၊ လူတွေက အာကာတောင်ကရော၊ အနောက်ပြင်ကရော ပါတယ်။ ပွဲစားကနေ ပို့ပေးတာပါ၊ စက်လှေကတော့ စစ်တွေက စက်လှေထင်တယ် ” လို့ အာကာတောင်ရွာခံတဦးက DNA ကို ပြောပါတယ်။
 
စက်လှေမှောက်ရာမှာ ပါဝင်တဲ့ ရိုဟင်ဂျာ ၅၅ ဦးဟာ မလေးရှားနိုင်ငံကိုသွားဖို့ ပွဲစားတွေကို တဦးကို ကျပ်သိန်း ၁၂၀ ပေးပြီး လိုက်ပါလာသူတွေ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ Development Media Group က ဖော်ပြထားပါတယ်။
 
လက်ရှိမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာအမျိုးသမီး နှစ်ဦးရဲ့ အလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်ထားတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
” စစ်တွေက အရှင်တွေ့တဲ့ လူရှစ်ယောက်က ဘယ်ရွာကလဲတော့ အတိအကျ မသိဘူး။ သူတို့က အခု စစ်တွေမှာပဲ ရှိသေးတယ်ကြားတယ် ” လို့ အနောက်ပြင်ရွာခံတဦးက ပြောပါတယ်။
 
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ တသိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ မွတ်ဆလင်တွေဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတယ်လို့ ၂၀၁၇ ခုနှစ်ထုတ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများ နေထိုင်နေရတဲ့အတွက် မလေးရှားနိုင်ငံလို ပြည်ပနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားပေမယ့် ပင်လယ်ထဲမှာ သေဆုံးတာ၊ ဖမ်းဆီးခံရတာ၊ လူကုန်ကူးခံရတာ တွေကိုလည်း ခံစားနေကြရတာ ဖြစ်ပါတယ်။
 
” လှောင်အိမ်ထဲမှာ ထားသလို ပိတ်လှောင်ထားတော့ လွတ်ရာကို သွားကြတာပေါ့။ ဒီလို မလေးရှားကို စက်လှေတွေနဲ့ သွားလို့ အဖမ်းခံရတာ၊ သေကြတာတွေလည်း မနည်းဘူး ရှိတယ် ” လို့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးက ပြောပါတယ်။
 
ခေတ်အဆက်ဆက် အစိုးရတွေဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့် ကန့်သတ်၊ ပိတ်ပင်ထားသလို စီးပွားရေးလုပ်ဖို့၊ ဒေသတွင်း ကူးလူးဆက်ဆံခွင့်တွေလည်း တားမြစ်ထားတာမို့ ပြည်မဘက်နဲ့ နိုင်ငံရပ်ခြားတွေကို မှောင်ခိုလမ်းကြောင်းနဲ့ မကြာခဏ ထွက်ခွာမှုတွေ ရှိနေတာဖြစ်ပါတယ်။
 
ဒါ့အပြင် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခုနှစ်သိန်းကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
 
စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်အထိ တနှစ်အတွင်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ၁၆၅၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၇၁ ဦးကို ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ခဲ့တယ်လို့ လွတ်လပ်တဲ့ အာရှအသံ RFA က ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၂၈ ရက်အထိ ရခိုင်ပြည်ကနေ ပြည်ပနိုင်ငံတွေကို ထွက်ခွာသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက တရားမဝင်ဝင်ရောက်လာတဲ့ ဒုက္ခသည်ပေါင်း ၁၈၉ ဦးကိုလည်း ဖမ်းဆီးခံရတယ်လို့ ရခိုင်နေ့စဉ်သတင်းက ဖော်ပြထားပါတယ်။
 
အဲဒီလိုဖမ်းဆီးခံရသူတွေကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ ၁၃ (၂)နဲ့ ၁၃ (၅)စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုပြီး ထောင်ဒဏ် ငါးနှစ်အထိ အပြစ်ပေးအရေးယူလေ့ ရှိပါတယ်။
 
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူဦးရေ ငါသိန်းကျော် ရှိနေပြီး တသိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရဆဲဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို စားနပ်ရိက္ခာကူညီခွင့်တွေလည်း ကန့်သတ်ထားတာရှိပါတယ်။
 
ဓာတ်ပုံ – ရွှေရောင်မေတ္တာဖောင်ဒေးရှင်း