ရှစ်လေးလုံး အရေးတော်ပုံကနေ သင်ခန်းစာယူပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖို့ တိုက်တွန်း

သြဂုတ်၊ ၈
 
မြန်မာနိုင်ငံမှာ ပထမဦးဆုံး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ)ပါတီရဲ့ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ၈၈ လူထုဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံဟာ သြဂုတ်လ ၈ ရက် ဒီကနေ့မှာ ၃၅ နှစ်မြောက်ခဲ့ပါပြီ။
 
၈၈ မျိုးဆက် ကျောင်းသားတချို့နဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ လူငယ်တချို့ကတော့ ၈၈ လူထုဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကနေရတဲ့ သင်ခန်းစာတချို့ကို အသုံးချပြီး နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်ကြဖို့ ဒီကနေ့တိုက်တွန်းလိုက်တာပါ။
 
၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်သူ ဒေါ်နှင်းနှင်းမွှေး ကတော့ စစ်တပ်က ၁၉၈၈ ခုနှစ် အရေးတော်ပုံကို ဖြိုခွင်းပြီးနောက် လူထုကို ချွေးသိပ်တဲ့အနေနဲ့ ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးပြီး ဒီမိုကရေစီ ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကတိ ဖောက်ဖျက်ခဲ့တာကို သင်ခန်းစာယူရမယ်လို့ ပြောပါတယ်။
 
” ရွေးကောက်ပွဲ ရလဒ်ကိုတော့ အကောင်ထည်ဖော်မပေးဘဲနဲ့ ညောင်နှစ်ပင်ညီလာခံ ကို ကျင်းပပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါက ကျမတို့ရဲ့ သမိုင်းပေးသင်ခန်းစာ ဖြစ်ပါတယ် ” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဒေါ်နှင်းနှင်းမွှေး က ဆိုပါတယ်။
 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံမှာ ခေါင်းဆောင်တဲ့ ကျောင်းသားတချို့က ဦးဆောင်ဖွဲ့စည်းခဲ့ပြီး လက်ရှိစစ်ကောင်စီထံမှာ မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီလည်း ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စစ်တပ်က အရပ်သားအစိုးရကို ဖယ်ရှားအာဏာသိမ်းခဲ့ပြီး နောက် ၂၆ နှစ်ကျော်အကြာ ၁၉၈၈ ခုနှစ်မှာ တပါတီအာဏာရှင်စနစ်ကို ပြည်သူလူထုက ဆန့်ကျင်အုံကြွ တော်လှန်ခဲ့ကြတာပါ။
 
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပေမယ့် အနိုင်ရ ဒီချုပ်ပါတီကို အာဏာလွှဲမပေးခဲ့တဲ့အပြင် ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့တာပါ။
 
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖတ်သတ်အတည်ပြုကာ ဒီချုပ်မပါတဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပပြီး စစ်တပ်နောက်ခံပြု တည်ထောင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အရပ်သားတပိုင်းအစိုးရအဖြစ် အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
 
၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ ဒီချုပ်ပါတီရွေးကောက်ပွဲဝင်လာသလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ငါးနှစ်တာ အုပ်ချုပ်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ်မပြုဘဲ အာဏာထပ်သိမ်းထားတာပါ။
 
” အခု မင်းအောင်လှိုင် စစ်အုပ်စုကလည်း ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ စကားကို တွင်တွင်ပြောလာတာကို ကျွန်မတို့ တွေ့ရပါတယ်။ ဒီရွေးကောက်ပွဲအပါအဝင် စစ်အုပ်စု ထွက်ပေါက်ရစေမယ့် လုပ်ရပ်မှန်သမျှကို ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေက ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးတော့ တိုက်ဖျက်ရမှာဖြစ်တယ် ” လို့ ဒေါ်နှင်းနှင်းမွှေးက ထောက်ပြပြောဆိုပါတယ်။
 
ဒါ့အပြင် ရှစ်ဆယ့်ရှစ် လူထုလှုပ်ရှားမှုအပြင် အရင်တော်လှန်ရေးလှုပ်ရှားမှုတွေကနေလည်း သင်ခန်းစာယူပြီး လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေကြား စုစည်းညီညွတ်တဲ့ ခေါင်းဆောင်မှုနဲ့ ဟန်ချက်ညီညီ အချိန်ကိုက် လှုပ်ရှားနိုင်ဖို့လည်း အရေးကြီးတယ်လို့လည်း သတိပေးစကားပြောပါတယ်။
 
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကလည်း နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တာဝန်ယူထားတဲ့ သူတို့အနေနဲ့ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးကို အောင်မြင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ထုတ်ပြန်ပြောဆိုထားပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီကတော့ အာဏာစသိမ်းချိန်ကနေ အခုထိ နိုင်ငံတဝှမ်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ မကြာခဏ ပြောဆိုလေ့ရှိပေမယ့် အရေးပေါ်အခြေအနေကို ထပ်မံသက်တမ်းတိုးနေရပါတယ်။
 
လက်ရှိ နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ကိုမင်းလွင်ဦးကတော့ လေ့လာမှုတွေအရ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ ကတိတည်မှာ မဟုတ်ဘူး ဆိုတာကို သင်ခန်းစာ ရရှိပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။
 
” ၁၉၈၈ မှာ အဓိက သင်ခန်းစာက စစ်တပ်က ဘယ်တော့မှ ကတိမတည်ဘူး ဆိုတဲ့ဟာပဲ။ လူထုလှုပ်ရှားမှုတွေ အားကောင်းလာတဲ့အခါမှာ ရွေးကောက်ပွဲလုပ်ပေးမယ်၊ ပါတီစုံဒီမိုကရေစီ သွားမယ်ဆိုပြီးတော့ အာဏာရှင်ဘက်ကနေ နိုင်ငံရေးကစားခဲ့တာတွေ တွေ့ရတယ်ပေါ့ ” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ဆိုပါတယ်။
 
၁၉၆၂ ခုနှစ်မှာ ဖယ်ဒရယ်စနစ်ကြောင့် တိုင်းပြည်ပြိုကွဲမယ့်အန္တရာယ်ကြောင့် နိုင်ငံ့တာဝန်ယူခဲ့ရတယ်ဆိုတဲ့ စစ်တပ်ဟာ အခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်မယ်ဆိုပြီး မကြာခဏပြောဆိုနေပါတယ်။
 
” ကျနော်တို့ သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်သင့်တာက အာဏာရှင်တွေပြောတဲ့ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ဆိုတာ ဘယ်တော့မှ စစ်မှန်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိထားဖို့လိုတယ်၊ အဲတော့ စစ်တပ်ရဲ့ နိုင်ငံရေးကစားကွက်ထဲမှာ ကျနော်တို့ တော်လှန်ရေးက မဝင်သွားဖို့လိုတယ် ” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
 
ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့မှာ နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အာဏာရှင်စနစ်ရဲ့ အငွေ့အသက် လုံးဝကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် အစားထိုးပြောင်းလဲနိုင်ရေး အတူတူ လက်တွဲလုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကမှ ထောင်ကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေး ကတော့ လူငယ်တွေအနေနဲ့ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေကို အင်အားအနေနဲ့ အသုံးချကြဖို့ ပြောပါတယ်။
 
” ဒီနေရာမှာက နိုင်ငံရေးသမားက ဘယ်လို၊ တော်လှန်ရေးသမားက ဘယ်လို၊ တဖက်ကတော့ ဘယ်လို၊ ဟိုဘက်ကတော့ ဘယ်လို ဆိုတာမျိုးထက် နိုင်ငံတခုကို ကောင်းအောင်လုပ်မယ်ဆိုတဲ့ လူတွေမှာ အမြင်မတူမှုတွေ၊ သဘောထားကွဲလွဲမှုတွေ အများကြီးရှိနိုင်ပါတယ်။ ဒီလိုများစွာရှိနိုင်တဲ့ဟာတွေကို အင်အားအဖြစ်သာ ယူဆဖို့ လိုအပ်မယ်လို့ ကျနော်ကတော့ မြင်ပါတယ် နိုင်ငံရေးမှာ သဘောထားမတူခြင်းတွေက ရန်သူမဟုတ်ပါဘူး ” လို့ ဦးမြအေးက သတိပေးပါတယ်။
 
၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ဦးစိုးအောင်ကတော့ စစ်တပ်ရဲ့ နိုင်ငံရေး မက်လုံးပေးတာတွေကို လက်မခံဘဲ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို အများကြီးရရှိထားတဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။
 
ဦးစိုးအောင်ဟာ ဝမ်းဖိုးဝမ်း (141)လို့ လူသိများတဲ့ ၁၉၈၈ ခုနှစ်၊ မတ်လအတွင်းမှာ စစ်တပ်က ပစ်ခတ်လို့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ၁၄၁ ဦးထဲက တဦးဖြစ်ပါတယ်။
 
၈၈ အရေးတော်ပုံကာလမှာ စစ်တပ်ပြောတဲ့ ရွေးကောက်ပွဲကို မယုံခဲ့သလို အခု ကျင်းပမယ်ပြောတဲ့ ရွေးကောက်ပွဲအပေါ်ကိုလည်း အယုံအကြည်မရှိကြောင်းနဲ့ ပြည်သူရဲ့ အထောက်အပံံ့ဟာ ၈၈ တုန်းကထက် ပိုရချိန်မှာ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့လည်း တိုက်တွန်းပါတယ်။
 
” အခုက ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေက အံ့သြစရာတောင်ကောင်းတယ်၊ ဒီလို ပြည်သူလူထုရဲ့ အထောက်အကူပြုမှု ရတဲ့အချိန်မှာတောင် တော်လှန်ရေး မအောင်ဘူးဆိုရင် အာဏာရှင်ဝါဒကြီးက ပိုပြီးကြီးစိုးဦးမှာ ” လို့ ဦးစိုးအောင်က ပြောပါတယ်။
 
ဓာတ်ပုံ – Yangon Peoples’ Strike