ရာနှုန်းပြည့်အောင်မြင်ဖို့ ခက်ပေမယ့် ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

သြဂုတ်၊ ၈
 
စစ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတဝန်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် တိုင်းပြည်အေးချမ်းအောင်လုပ်ပြီး ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ သြဂုတ် ၈ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မှာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီး လူဦးရေစာရင်း ကောက်ယူတာတွေနဲ့အတူ NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ လောက်ကို ဖျက်သိမ်းတာ၊ ပါတီအသစ်တွေ မှတ်ပုံတင်ခိုင်းတာတွေ လုပ်ဆောင်ခဲ့တာပါ။
 
အဲဒီနောက် နိုင်ငံရေးအခြေအနေ မငြိမ်မသက်မှုတွေကြောင့်၊ သာမာန်မဟုတ်တဲ့ အခြေအနေကြောင့် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အရေးပေါ်ကာလ သက်တမ်းကို ခြောက်လတကြိမ် လေးခါအထိ သက်တမ်းတိုးလာပြီး အခု ၂၀၂၃ သြဂုတ်လမှာတော့ ရွေးကောက်ပွဲလုပ်မယ့်အကြောင်း စပြောလာပါတယ်။
 
စစ်ကောင်စီအနေနဲ့ လက်ရှိအခြေအနေတွေကြားမှာပဲ မတည်ငြိမ်တဲ့ ဒေသတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲလုပ်ဖို့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စတဲ့ အခင်းအကျင်းနှစ်ခုကို သုံးသပ်ခဲ့တယ်လို့ ပြောဆိုထားပြီး ရွေးကောက်ပွဲ ရာနှုန်းပြည့် မအောင်မြင်နိုင်ဘူးလို့ လည်း ဒီကနေ့ သူ့မိန့်ခွန်းမှာ ဝန်ခံထားပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်က ရွေးကောက်ပွဲလုပ်ဖို့ဖြစ်တာကြောင့် တိုင်းပြည်အေးချမ်းအောင်လုပ်ပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း စစ်ခေါင်းဆောင်က ထပ်ပြီး ထုတ်ပြောလာတာပါ။
 
လက်ရှိမှာ ဘက်ပေါင်းစုံက အကျပ်အတည်းဆိုက်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်သူတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူတွေကို ဝေခွဲမရအောင် လုပ်ဆောင်ပြောဆိုနေပြီး ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးပြုဖို့ ကြိုးစားပြင်ဆင်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
 
” ရွေးကောက်ပွဲကို ဘယ်ချိန်လုပ်မယ် မလုပ်ဘူးဆိုတာက ပြည်သူတွေ ဝေခွဲမရအောင် သူတို့ အတိုက်အခိုက်တွေ ဝေခွဲမရအောင် တဖက်က ဆိုက်ဝါးလည်း သုံးနေပုံရတယ်။ သူတို့ လုပ်ချင်တဲ့အချိန် ကောက်လုပ်သွားလို့ရအောင် ပြင်ဆင်နေပုံရတယ်၊ သဘောထား ယူနေပုံတော့ ရတယ်။ သူ့မှာ နိုင်ငံရေးအရ ထွက်ပေါက်က မရှိတော့ဘူး၊ တရုတ်ကပ်လိုက် ထိုင်းကိုကပ်လိုက် အိန္ဒိယကပ်လိုက် အာဆီယံကိုနှဲလိုက် အဲလိုလုပ်နေတယ်၊ တပြိုင်တည်းမှာလည်း ရွေးကောက်ပွဲအကြောင်းပြပြီး ဒီနိုင်ငံတွေရဲ့ထောက်ခံမှုကို ကြိုးစားနေတယ်လို့ ယူဆတယ်။ တတိုင်းပြည်လုံးကတော့ ဘယ်လိုမှမလုပ်နိုင်ဘူး၊ ရန်ကုန်လိုနေရာတောင်မှ အပြည့်လုပ်နိုင်ချင်မှ လုပ်နိုင်မယ့် အခြေအနေဖြစ်တယ်၊ အဲလိုအနေအထားတော့ ရှိတယ်။ ရသလောက်သူတို့ လုပ်သွားနိုင်တယ် ” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုး‌ဇော်က သုံးသပ်ပြောဆိုပါတယ်။
 
စစ်ကောင်စီအနေကတော့ လက်ရှိအခြေအနေတွေကြားမှာပဲ မတည်ငြိမ်တဲ့ ဒေသတွေကို ချန်လှပ်ပြီး ရွေးကောက်ပွဲ လုပ်ဖို့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စတဲ့ အခင်းအကျင်းနှစ်ခုကို သုံးသပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
 
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ NLD ပါတီနဲ့ တော်လှန်ရေးအင်အားစုတွေက ရာနှုန်းပြည့်ကန့်ကွက်ထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့လည်း ကြေညာချက်တွေ ထုတ်ထားကြပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ရွေးကောက်ပွဲလုပ်လို့ရတဲ့ အခြေအနေ မဟုတ်ကြောင်းကိုလည်း နိုင်ငံတကာနဲ့ လေ့လာသုံးသပ်သူတွေက ထောက်ပြထားကြပါတယ်။
 
ဓာတ်ပုံ – Social Media