ဇနီးကို နေအိမ်ထဲမှာ တစ်ဆယ့်နှစ်နှစ်ကြာ ချုပ်နှောင်ထားသူကို ပြင်သစ် ရဲတပ်ဖွဲ့ ဖမ်းဆီး

သြဂုတ်၊ ၈

ဇနီးဖြစ်သူကို နေအိမ်ထဲမှာ ၁၂ နှစ်ကြာ ချုပ်နှောင်ထားကြောင်း စွပ်စွဲခံရတဲ့ ဂျာမန် အမျိုးသား တဦးကို ပြင်သစ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဂျာမန် နိုင်ငံသား ဇနီးမောင်နှံဟာ ဂျာမနီနဲ့ နယ်စပ်နားက ပြင်သစ်ပိုင် ဖော်ဘက်ချ် မြို့လေးမှာ နေထိုင်ကြပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့ဟာ အဲဒီ ဇနီးမောင်နှံရဲ့ တိုက်ခန်းကို ဝင်ရောက် စီးနင်း ရှာဖွေတဲ့ အခါမှာတော့ အမျိုးသမီးကို အပေါ်ပိုင်း ဗလာကျင်းလျက်သား အခြေအနေနဲ့ ဆံပင်တွေကို ကွက်ကြားရိတ်ထားတဲ့ ပုံစံမျိုး တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးကို အိပ်ခန်းထဲမှာ ပိတ်လှောင်ပြီး သတ္တုကြိုးတွေနဲ့ အခန်းကို ပိတ်ဆို့ တုပ်နှောင်ထားတာဖြစ်ကြောင်း ရဲတွေက ဆိုပါတယ်။ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးဟာ ဖုန်းအဆက်အသွယ် လုပ်လို့ရတဲ့ အချိန်တခုမှာ ဂျာမနီ ရဲတပ်ဖွဲ့ဆီ ဖုန်းဆက် တိုင်ကြားခဲ့ပြီး အဲဒီကမှတဆင့် ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ အကူအညီကို ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ် အမျိုးသားကတော့ ပြင်သစ် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံထားရပြီး ပြန်ပေးမှု အပါအဝင် စွဲချက်အတော်များများကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ကနဦး ဆေးစစ်ချက်တွေအရ အမျိုးသမီးရဲ့ ကျန်းမာရေး သိပ်မကောင်းဘူးလို့ နယ်မြေခံ အစိုးရရှေ့နေ အိုလီဗာ ဂလာဒီက ပြောပါတယ်။ တိုက်ခန်းထဲမှာတော့ ကြောင် ၉ ကောင်ကိုပါ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

သတင်းတချို့က တိုက်ခန်းထဲမှာ အမျိုးသားဟာ ဇနီးကို ပိတ်လှောင်ထားဖို့အတွက် သံတန်းတွေပါ စိုက်ထူးထားတယ်လို့ ဖော်ပြပေမယ့် ဂလာဒီကတော့ အဲဒီ အချက်ကို ငြင်းဆိုသွားပါတယ်။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ထိလက်ရောက် နှိပ်စက်ခံထားရတဲ့ အထောက်အထားမျိုးတွေလည်း မတွေ့ရဘူးလို့ သူက ပြောပါတယ်။

ဂလာဒီက အဖမ်းခံထားရတဲ့ အမျိုးသားဟာ လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေပြီး အရင်က ဂျာမနီ စက်မှုလုပ်ငန်း တခုမှာ အလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီ အမျိုးသားက သူ့ဇနီးဟာ ကင်ဆာရောဂါ စွဲကပ်နေပြီး နာကျင်လွန်းလို့ တခါတလေ ငယ်သံပါအောင် အော်ညည်းတာမျိုးတွေ လုပ်လေ့ရှိကြောင်း အိမ်နီးနားချင်းတွေကို ပြောကြားထားပါတယ်။

အိမ်နီးချင်း အမျိုးသမီး တဦးကတော့ အဲဒီ အမျိုးသားဟာ အရမ်း သိမ်မွေ့ နူးညံ့ပြီး စကားအပြောအဆို ချိုသာတယ်လို့ ရဲတွေဆီ ထွက်ချက်ပေးပါတယ်။ သူ့ဇနီးကတော့ အိမ်ထောင်သက် ၁၂ နှစ်လောက်အတွင်း အိမ်အပြင်ထွက်တာ ဘယ်တုန်းကမှ မမြင်ခဲ့ရဘူးလို့လည်း အဲဒီ မျက်မြင်သက်သေ အမျိုးသမီးက ဆိုပါတယ်။

ရဲတွေကတော့ နစ်နာသူကို ငဲ့ကွက်ပြီး ဖမ်းဆီးထားသူ အမျိုးသားရဲ့ နာမည်ကို မထုတ်ပြန်ပါဘူး။ ရဲတွေက တိုက်ခန်းထဲမှာ ဒိုင်ယာရီဆန်ဆန် ရေးမှတ်ထားတဲ့ မှတ်စု စာအုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အဲဒီထဲမှာ အမျိုးသားက ဇနီးအပေါ် ဘယ်လို ဘယ်ပုံ ပြုမူတယ်၊ ဘယ်အချိန်တွေမှာ အစာရေစာ ကျွေးမွေးတယ်ဆိုတဲ့ အချက်တွေကို အသေးစိတ် မှတ်သားထားကြောင်း သိရပါတယ်။

 

Ref: BBC