ပဲခူးမှာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံးပြီး အလောင်းလာသယ်တဲ့ ယာဉ်တန်းမိုင်းဆွဲခံရ

သြဂုတ်၊ ၈

ပဲခူးတိုင်းအနာက်ခြမ်း၊အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံ ရပြီးသေဆုံးခဲ့သလို အလောင်းလာသယ်တဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“လောလောဆယ်သူကရွာမှာအုပ်ချုပ်ရေးမှူးလုပ်တယ် ။ အရင်က ရာအိမ်မှူးပါ။ခုလောလောဆယ်တော့ သူက ယာယီ အုပ်ချုပ်ရေးမှူးပါ၊။ အရင်က အုပ်ချုပ်ရေးမှူးမျိုးဝင်က သူ့ကိုယာယီထားပြီးသူကပြောင်းသွားတာသူ့နေအိမ်မှာပဲ ပစ်ခဲ့တာပါ” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)တာဝန်ရှိသူတဦးက ပြောပါတယ်။

 ထန်းပင်ကုန်းကျေးရွာရှိ ယာယီကျေးရွာအုပ်ချုပ်ရေးမှူးကို သြဂုတ်လ ၇ ရက် ၊မနေ့က ညနေ ၅ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တွေကနေအိမ်အထိသွားရောက်  ပစ်ခတ်ခဲ့တာကြောင့့် နေရာမှာပင်သေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူဟာ အုပ်ချုပ်ရေးမှူးဖြစ်သူထွက်ပြေးတိမ်းရှောင်းနေလို့ ယာယီ ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်နေသူ အသက် လေးဆယ်အရွယ် ဦးဂျော့ဆိုသူဖြစ်ပြီး နေအိမ်မှာပင် ပစ်ခတ်ခံခဲ့ရလို့ ရင်ဘက်နဲ့ဦးခေါင်းတို့ကို ကျည်ထိမှန်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

အခုလို ပစ်ခတ်ခံခဲ့ရပြီးနောက် ညနေ ၅ နာရီခွဲခန့်မှာ သေဆုံးသူရဲ့အလောင်းကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးပြင်းထန်းဒဏ်ရာ ရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂  တာဝန်ရှိသူကဆိုပါတယ်။

“ပစ်လို့ပြီးတော့ကျွန်တော်တို့က ရဲအလောင်းလာကောက်တာကိုစောင့်နေတာဗျာ ။ကျွန်တော်တို့ကရဲကားလာလာ၊စစ်ကားလာလာ မိုင်းဆွဲဖို့စောင့်နေတာဗျာ။အဲ့မှာ ရဲကားနဲ့စစ်ကားနှစ်စီးလာတယ် ။ အဲ့ဒါကို ကျတော့တို့အဖွဲ့က အဝေးထိန်းမိုင်းခွဲလိုက်တာ ရဲကားကိုထိပြီးရေမြောင်းထဲထိုးကျသွားတယ် ။ ရဲနှစ်ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်ဗျ” လို့အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ယာယီအုပ်ချုပ်ရေးမှူးဦးဂျော့ဟာ  ပြည်သူ့ကာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီကိုလိုက်လံပြသသလို အရပ်သားတွေကို လည်းမကြာခဏဖမ်းဆီးနှိပ်စက်တာတွေကြောင့်ပစ်ခတ်ခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင် အေးမြသာယာရဲစခန်းက နယ်ထိန်းကျော်ကိုကိုနဲ့ပေါင်းပြီး စစ်ကောင်စီကို ဝင်ငွေရစေမယ့်  အရက်ဆိုင်၊ဘီယာဆိုင်၊ လောင်းကစားဝိုင်းတွေနဲ့ သစ်ခုတ်တဲ့သူတွေဆီက ဆက်ကြေးကောက်ခံပေးတာမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်ဇန်နဝါရီလ ၂၃ ရက်က  သူနာပြုဆရာမမေဇွန်းမိုးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဖမ်းဆီးခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ ကိစ္စမှာလည်း ယာယီအုပ်ချုပ်ရေးမှူးဦးဂျော့က  သတင်းပေးလုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောဆိုထားပေမယ့့် DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

‘’သွေးကြွေးလို့လည်းပြောလို့လည်းရတယ်။လက်ရှိမှာသူကဒေသခံတွေကိုလည်း ဒုက္ခပေးတဲ့သူ ပါ’’ လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူကပြောပါတယ်။