မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုးကြီးပြီးမြေပြိုလို့ပြတ်တောက်၊ ထပ်မံပြိုကျနိုင်တယ်လို့ ဒေသခံတွေသတိပေး

ဩဂုတ်၊ ၇

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းပိုင်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရဲ့ လမ်းပိုင်းတနေရာမှာ ဒီကနေ့ ဩဂုတ်လ ၇ ရက်၊နေ့လယ်၁ နာရီခန့်က တောင်မြေသားပြိုကျမှုကြောင့် ကားရာနဲ့ချီပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းနေသူတွေထံမှ သိရပါတယ်။

 ” လမ်းရဲ့မြေသားက လုံးဝပျက်စီးသွားတာ၊ လမ်းက ပျက်သွားတာပဲ၊ ပိတ်မိနေတဲ့ကားတွေအများကြီးပဲ ။ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ရယ်၊ မော်လမြိုင်က တက်ဖို့ပြင်နေကားတွေ၊ မြဝတီကနေ ဆင်းဖို့ကားတွေ များတယ်လေ၊ ကုန်ကားရော၊ အိမ်စီးကားရောဘဲ၊ ကျွန်တော်ထင်တယ် တရာလောက်ရှိမယ်။” လို့ အဲဒီလမ်းပိုင်းမှာ ပိတ်မိနေတဲ့ ခရီးသည်တင်ယာဉ်မောင်းတဦးက DNA ကို ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျရေလိမ့်ဆင်းမှုကြောင့် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ကြား တောနော်ရေတံခွန်အနီး အာရှလမ်းပိုင်းမှာ ပေ ငါးဆယ် နီးပါး တောင်မြေသားနဲ့တူ ပြိုကျပျက်စီးသွားခဲ့ခြင်း ဖြစ်ပါတယ်။

 ” ဒီတလော မိုးအရမ်းများနေတာလေ၊ တောင်ပေါ်ကနေ ရေက ကျတော့ ကားလမ်းပိုင်းရဲ့ အောက်ခြေကို တိုက်စားသွားပြီး ကလောင်ပေါက်လို ဖြစ်နေတာ၊ အဲဒါတဖြည်းဖြည်းနဲ့ မိုးကကောင်းတော့ ရေကျတာများတော့ အောက်ခြေကတခါတည်းတိုက်စားတော့ ပြိုကျသွားတာ၊ ပေငါးဆယ်လောက်ရှိနိုင်တယ်ညီ။” လို့ ကော့ကရိတ် ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်မှာ ပိတ်မိနေတဲ့ မော်တော်ယာဉ်တွေက ပြန်လှည့်ပြန်သွားတာမျိုးရှိနေသလို တချို့ကားတွေကျတော့ လမ်းဟောင်းကို ပြန်လည် အသုံးပြုသွားလာဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။

“အဲနေရာမှာ လမ်းပြိုကျတော့ ကုန်တင်ကားတစီးက အဲဒီပြိုကျတဲ့အနားမှာ ရပ်နေတာပေါ့၊ သူရပ်ထားတဲ့ နေရာမှာလည်း ပြိုကျသွားတာပါ။ ကမ်းပါးပေါ့၊ တွဲကားပါ၊ တစီးပဲ၊ ကားမောင်းသမားနဲ့ နောက်လိုက်ကတော့ ချက်ချင်းပြေးလို့ လွတ်သွားတယ်၊ နှစ်ယောက်လုံးဘာမှ မဖြစ်သွားဘူး၊ တခြားကားတွေနဲ့ ထိတာမျိုးတော့ မရှိဘူး၊ တစီးပဲ ထိသွားတာပေါ့။” လို့ အဲဒီကုန်တင်ယာဉ်မောင်းက ပြောပါတယ်။

မြေသားနဲ့အတူ ပြိုကျသွားတဲ့ ကုန်တင်ကားကဆိုရင် လက်ရှိမှာ ပြန်လည်ဆွဲတင်ဖို့ မရသေးဘူးလို့ ဆိုပါတယ်။

 ပျက်စီးသွားတဲ့ လမ်းပိုင်း ပြင်ဆင်မှု မပြီးမချင်း လမ်းဟောင်းကိုသာ မဖြစ်မနေအသုံးပြုသွားလာဖို့သာ ရှိသော်လည်း လက်ရှိ နှစ်ဖက်တိုက်ပွဲနဲ့ လမ်းဟောင်းကြံ့ခိုင်မှု ရှိ၊ မရှိကို သေချာမသိသေးတာကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ လိုအပ်တယ်လို့ အဲဒီလမ်းပိုင်းကို အသုံးပြုနေတဲ့ ယာဉ်မောင်းနှင်သူတွေက ပြောပါတယ်။

 ” လမ်းဟောင်းက မသုံးတာကြာပြီး ဆယ်စုနှစ် တခုလောက်ရှိပြီးလေ၊ အခုဒီလမ်းသစ်ပျက်သွားရင် အဲလမ်းပဲ သွားရမှာ၊ အခုကလည်း တိုက်ပဲဲွဖြစ်နေတာ့ သိတဲ့အတိုင်းပဲ အဲထဲမှာလည်း လက်နက်ကိုင်အဖွဲ့ပေါင်းစုံလှုပ်ရှားနေတာလေ၊ လမ်းအခြေအနေလည်း မသိသေးတော့ မလိုအပ်ဘဲ ခရီးမသွားစေချင်သေးဘူး၊ နောက်မှ သွားတာ လာတာ အဆင်ပြေပြီဆို သွားကြပေါ့။” လို့နောက်ထပ်ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

တဖက်မှာလည်း မြဝတီ-ကော့ကရိတ်အာရှကားလမ်းမကြီး ပျက်စီးသွားတာဟာ ထိုင်းနဲ့မြန်မာ ကုန်စည်ပို့ဆောင်မှု အများကြီး ထိခိုက်လာနိုင်သလို ပြင်ဆင်မှုလုပ်ငန်းချက်ချင်းမလုပ်ပါက ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပွားလာနိုင်တယ်လို့ မြဝတီမြို့ခံကုန်သည်တဦးက ပြောပါတယ်။

 ” သူတို့ကတော့ မြန်မြန်တော့ ပြင်မှာပါ၊ အထဲလမ်းပိုင်းက သူတို့အနေနဲ့ အားကိုးလို့ရနိုင်မှာ မဟုတ်ဘူးလေ၊ လုံခြုံရေးကိစ္စကအစပေါ့၊ ကုန်စည်အတွက်တော့ ထိခိုက်နိုင်တယ်ပေါ့၊ကုန်စည်တွေ ပြတ်လပ်လာနိုင်တာကို၊ တဖက်မှာ အခန့်မသင့်ရင် ကုန်စျေးနှုန်းတွေ ကြီးလာနိုင်မယ်လို့ မြင်တယ်။” လို့ အဲဒီကုန်သည်က ပြောပါတယ်။

အဲဒီ မြဝတီ – ကော့ကရိတ်အာရှလမ်းမကြီးကဆိုရင် မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေလိမ့်ဆင်းမှုတို့ကြောင့် ယခင်က လမ်းပိုင်းနေရာတချို့ မြေသားနဲ့အတူ ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ယခုလို ကားလမ်းပိုင်းတခုလုံး ပြိုကျပျက်စီးသွားတဲ့ဖြစ်စဉ်မျိုးတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ မိုုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနရဲ့ သြဂုတ်လ ၇ ရက်၊ မနက် ၉ နာရီခွဲအချိန်တိုင်းတာချက်အရ ပြီးခဲ့တဲ့ ၂၄ဒေသအချို့မှာ မိုးကြီးခဲ့ပြီး မြဝတီမြို့မှာ မိုးရေချိန်၅ ဒဿမ ၇၈ လက်မနဲ့ ကော့ကရိတ်မြို့မှာ ၅ ဒဿမ ၈၂ လက်မရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သြဂုတ်လ ၈ ရက်၊ မနက်ဖြန်မနက်အထိ ကရင်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်ပြီးရွာရန် ရာနှုန်းပြည့်ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ဒီကနေ့ ညနေ ၄ နာရီမှာထုတ်ပြန်ထားပါတယ်။

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော်အာရှလမ်းမကြီးဟာ ထိုင်းနိုင်ငံက ဆီဆမ်ကုမ္ပဏီက ဖောက်လုပ်ပြီး ၂၀၁၆ ခုနှစ်မှာဖွင့်လှစ်ခဲ့ကာ မဟာမဲခေါင်ဒေသ ထိုင်း-မြန်မာ-အိန္ဒိယသုံးနိုင်ငံ အရှေ့အနောက်စီးပွားရေးစင်္ကြန်လမ်းရဲ့ အရေးပါတဲ့ လမ်းပိုင်းဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်က အဲဒီမြဝတီ-ကော့ကရိတ်အာရှလမ်းမမှာ မိုးကြီးလို့ လမ်းနည်းနည်းပျက်တာနဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးတာမျိုးရှိပေမယ့် အခုနောက်ပိုင်းမှာ ကြီးကြီးမားမားပျက်စီးတာကလွဲရင် စစ်ဆေးမျိုးမရှိတော့တဲ့အပြင် မိုးဆက်များနေရင် ပြိုကျမယ့်အန္တရာယ်ရှိနိုင်တယ်လို့ ဒေသခံတွေက သတိပေးပါတယ်။

“ဒီအတိုင်းသာ မိုးဆက်များနေရင်တော့ တချို့နေရာတွေက အန္တရာယ်ရှိနိုင်သေးတယ်၊ ဒီတောင်တွေက မြေနီသားတွေများတယ်၊  တချို့နေရာတွေ နည်းနည်းပါးပါးပြိုကျပျက်စီးတာရှိနေတာ၊ မိုးဆက်နေရင်တော့ ထပ်ဖြစ်နိုင်တယ်ပေါ့။” လို့ ကော့ကရိတ် ဒေသခံတဦးက ပြောပါတယ်။

Photo_Social Media