တောင်ကိုရီးယားမှာ သုံးရက်အတွင်း မြန်မာလုပ်သားနှစ်ဦး လုပ်ငန်းခွင်ထဲသေဆုံး

သြဂုတ်၊ ၇

တောင်ကိုရီးယားနိုင်ငံမှာဒီကနေ့မနက်က မြန်မာလုပ်သားတဦး လုပ်ငန်းခွင်အတွင်းမြေသယ်ယာဥ်နဲ့ တိုက်မိလို့ သေဆုံးခဲ့တယ်လို့ အဲ့ဒီနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီနေသူတွေကပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၂၇နှစ်အရွယ် ကိုပြေသိန်းဆိုသူဖြစ်ပြီး ဒီကနေ့မနက် ၉နာရီလောက်က ဂယောင် ဆန်းတောင်ပိုင်းပြည်နယ် ဟာ့ချောင်းဂွန်ရှိ ဆောက် လုပ်ရေး လုပ်ငန်းခွင်အတွင်း ယာဥ်အဝင်အထွက် လမ်းပြလုပ် နေချိန် မြေတင်ကားကတိုက်မိသွားတာလို့သိရပါတယ်။ “ကွယ်လွန်သွားတဲ့အလုပ်သမားကမြောက်ဥက္ကလာကနေလာလုပ်တာလို့သိရတယ်၊ ဒီကကူညီပေးနေသူတွေက တော့မိသားစုနဲ့အဆက်သွယ်လုပ်ပြီးနာ ရေးအတွက်စီစဥ်ပေးဖို့လုပ်နေတယ်”လို့ တောင်ကိုရီးယားရောက်မြန်မာ အရေးလှုပ်ရှားနေသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ရက်ကလည်း မြန်မာအလုပ် သ မားတဦးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ၁၅ထပ်အ မြင့်ရှိတိုက်ပေါ်ကနေပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။ တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့သူကတော့အသက် ၄၄ နှစ် အရွယ် ကိုသိန်းထွန်းဆိုသူဖြစ်ပြီး သြဂုတ် ၅ ရက် မနက် ခြောက်နာရီလောက်ကအင်ချွန်းမြို့ ဆုန်းဒိုရှိ အဆင်မြင့် အိမ်ရာ အသစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ နံရံအုပ်သားတင်ဖို့ ကရိန်းကြိုး တပ်နေချိန် ကြိုးလွတ်ပြီး အောက် ကို ပြုတ်ကျကာ သေဆုံးသွားခဲ့တာလို့ တောင်ကိုရီးယားသတင်းတွေမှာဖော်ပြထားပါတယ်။

 ကိုသိန်းထွန်း လုပ်ကိုင်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ် ငန်းဟာ Posco လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းခွင် ထိခိုက်မှုဆိုင်ရာ ဥပဒေအရ ကုမ္ပဏီအနေနဲ့အရေးယူ အပြစ်ပေးခံရဖို့ရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံကဆောက်လုပ်ရေးလုပ်ငန်း ခွင်တွေမှာ မြန်မာလုပ်သားတွေမကြာခဏ၊ထိခိုက်သေဆုံး လေ့ရှိတာကြောင့် သတိထားလုပ်ကိုင်ကြဖို့ မြန်မာလုပ်သားအသိုင်းအဝိုင်းကသတိပေးနှိုးဆော်ထားကြပါတယ်။

“ကိုယ့်မြန်မာလုပ်သားတွေအခုလိုဖြစ်တဲ့သတင်းတွေကြားရတိုင်းစိတ်မကောင်းဘူး၊အားလုံးသတိနဲ့နေထိုင်လုပ်ကိုင်ကြဖို့မှာချင်တယ်”လို့ မြန်မာလုပ် သားအရေးကူညီနေသူ ကိုညီညီလတ်ကပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံရောက် မြန်မာလုပ်သားတွေဟာဆောက်လုပ်ရေး၊ စိုက်ပျိုး/ မွေးမြူရေးနဲ့ကုန်ထုတ်လုပ် ငန်းတွေမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ လက်ရှိအဲဒီနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ငါးသောင်းလောက်လုပ် ကိုင်နေပြီး လစဥ် လုပ်သားထောင်ချီသွားရောက်မှုတွေရှိနေတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။

ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ထွက်ခွာနေကြတဲ့ မြန်မာလုပ်သားတချို့