သြဂုတ်၊ ၇
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြစ်ရေမြင့်တက်တာ၊ ရေကြီး ရေ လျှံတာတွေဖြစ်နေပြီး မနေ့ကတော့မင်းပြားမြို့နယ်ဒေသခံ သားအမိနှစ်ဦး ရေစီးနဲ့မျောပါသေဆုံးသွားတယ်လို့ ဒေ သခံတွေက DNAကိုပြောပါတယ်။
မင်းပြားမြို့နယ် ပြင်ယောင်းရွာ ဒေသခံ သားအမိသုံးဦးဟာ အဲ့ဒီရွာနဲ့ တမိုင်လောက်အကွာက သာစည်ရွာကနေ အပြန် မနေ့က ညနေပိုင်းမှာ ရေကြီးနေတာကြောင့် လမ်းကိုမမြင်ရတော့ဘဲ ရေနစ်သွားရာက ရေစီးနဲ့ မျောပါပြီး နှစ်ဦးသေဆုံးသွားတာလို့ ပြင်ယောင်းရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။
“သားမိသုံးယောက် နေ့ခင်းကတည်းက သာစည်ရွာကို သွားကြတာ၊ ပြန်လာတော့ ရေကြီးနေပြီ၊အဲဒီမှာ ကမ်းကို မမြင်ရတော့ဘဲ ခြေချော်ပြီး ရေထဲကျသွားတာ၊သားအကြီးကောင်ကကျတော့ သစ်ကိုင်းကို ဆွဲထားလိုက်တယ်၊ အဲ့ ကောင်လေးငိုနေတာကို လူတွေတွေ့မှ သိရတာ”လို့ သူက ပြောပါတယ်။
သေဆုံးသွားတဲ့ မိခင်ဖြစ်သူဟာ အသက် သုံးဆယ်ကျော်အရွယ်ဖြစ်ပြီး သားဖြစ်သူကတော့ ငါးနှစ်အရွယ်ဖြစ်ကာ အသက်ရှင်ကျန်နေခဲ့တဲ့ သားအကြီးဖြစ်သူကတော့ခုနစ်နှစ်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေရဲ့ ရုပ် အလောင်းတွေကို မနေ့က ညနေပိုင်းမှာ ရှာတွေ့ခဲ့ပြီး ဒီနေ့မနက်က သဂြိုလ်ခဲ့တယ်လို့ ရွာသားတွေက ပြောကြ ပါတယ်။
“သူ့အဖေက မလေးရှားမှာ အလုပ်သွားလုပ်နေတာ၊ သားတယောက် ကျန်ခဲ့တာပေါ့”လို့ ပြင်ယောင်းရွာသားတဦး က ပြောပါတယ်။
ပြင်ယောင်းရွာအပြင် အဲဒီနားတဝိုက်ရွာတွေမှာလည်း မြစ်ရေမြင့်တက်မှုကြောင့် လူတရပ်လောက်အထိ ရေလွှမ်း နေတယ်လို့ ရွာသားတွေက ပြောကြပါတယ်။
“ဒီဘက်ရွာတွေအကုန် ရေတက်နေပြီ၊ရွာထဲမှာ လမ်းလျှောက်သွားလို့မရဘူး၊ပြောင်းတဲ့သူတွေလည်း ပြောင်း နေ ကြပြီ၊လေးမြို့မြစ်နားတလျှောက်ရွာတွေလည်း အကုန်လုံး ရေစ၀င်နေပြီ”လို့ မင်းပြားမြို့နယ် ရွှေတမာရွာသား တဦးက ပြောပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ် ဖုန်သာချောင်းတလျှောက်ရှိ ရွာတွေ၊ မြောက်ဦးမြို့နယ်အထက်ပိုင်း လေးမြို့မြစ်ကမ်း ဘေးတလျှောက်ရွာတွေ၊ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားမြို့နယ်တို့အတွင်းက ရွာတွေနဲ့ စစ်ရှောင်စခန်း၊ဒုက္ခ သည်စခန်းတွေမှာလည်း ရေလွှမ်းနေ တယ်လို့ ဒေသခံတွေကပြောကြပါတယ်။
“ညောင်ချောင်းစခန်းဆိုရင် နေလို့တောင် မရတော့ဘူး၊ဘေးနားကရွာတွေဆိုရင်လည်း ရေတော်တော်ကြီးနေပြီ၊ ညဘက် ဒီရေတက်ချိန်လည်း မိုးမစဲရင် ဘယ်လိုလုပ်ကြရမလဲမသိဘူး”လို့ ကျောက်ချောင်းစစ်ဘေးရှောင် စခန်း မှာခိုလှုံနေတဲ့ စစ်ရှောင် တဦးက ပြောပါတယ်။
ညောင်ချောင်းစစ်ရှောင်စခန်းအပြင် မြောက်ဦးမြို့ပေါ်က မြတန်ဆောင်းစစ်ရှောင်စခန်းနဲ့ ထမ္မရာဇ်ရပ်ကွက် စစ်ရှောင်စခန်းတို့မှာလည်း လေးပေလောက်အထိ ရေပြည့်နေပြီး အကုန်လုံး ရွေ့ပြောင်းထားရကာ ရက်ရှည် ရေကြီးနေမယ်ဆိုရင် စားရေးသောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ကြုံလာရနိုင်တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်း၊ စင်းဘောကိုင်းစစ်ရှောင်စခန်းတို့မှာလည်း ရေမြှင့်တက်နေပြီး ရွေ့ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ ပြောကြပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်း နေဆဲ ဖြစ်ပြီး နောက်သုံးရက် ဩဂုတ်လ ၉ ရက်အထိ နေ့စဉ် မိုးရေချိန် တလက်မအထက် ရွာသွန်းနိုင်သေးတယ်လို့ မိုးလေ၀သလေ့လာသူ ဦး၀င်းနိုင်က ခန့်မှန်းထားပါတယ်။
photo Social Media