သြဂုတ်၊ ၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးအနားရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“ ကျေးနင်းကြီး မရောက်မီ ဆည်ပေါင်အနီးမှာ ဒီက တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာပေါ့။ ဖြစ်တော့ သူတို့က သူတို့သွားမယ့်လမ်းမှာ ထွက်ပေါက်ပိတ်နေတော့ ဒါ လေကြောင်းပစ်ကူပေးတဲ့ သဘောပါ “ လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက်က ပြောပါတယ်။
ဇီးဖြူကုန်း ပျူစောထီးစခန်း ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တို့ သြဂုတ်လ ၇ ရက်၊ မနက် ၁၀ နာရီခွဲလောက်မှာ ဆည်ပေါင်ကျေးရွာ အနီးမှာ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်ဒဏ်ရာရရှိတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီနေ့နေ့လည် ၁၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အနီးအနားရှိ ကျေးရွာတွေကို တနာရီကြာ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကိုဇော်ထက်က ပြောပါတယ်။
“ ဗုံးကြဲတာတော့ မဟုတ်ဘူး၊ ပွိုင့်ဖိုက်တွေနဲ့ ပစ်တာပေါ့ဗျာ၊ ရွာတွေထဲကို ပစ်တာ မဟုတ်ဘူး၊ ရွာအစပ်တွေတော့ သူတို့ပစ်တယ်၊ တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ့် နေရာပေါ့၊ ရွာအစပ်တွေမှာတော့ ပတ်ပတ်လည်လိုက်ပစ်တာတော့ ရှိတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိဘူး ” လို့ သူက ဆိုပါတယ်။
အဲဒီ စစ်ကောင်စီတပ်ဟာ နေ့လယ် ၁၂ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ကျေးနင်းကျေးရွာ ထဲဝင်ရောက်သွားတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားလာနိုင်ခြေ ရှိတယ်လို့လည်း သိိရပါတယ်။
” တိုက်ပွဲက ဆက်ဖြစ်လာနိုင်တယ်။ သူတို့ ကျဆုံးတာ မရှိတောင် ထိခိုက်ဒဏ်ရာ ရတာတော့ ရှိသွားနိုင်တယ်။ သူတို့နာတယ်ပေါ့နော်။ နာတဲ့အခါအမှာ တွေ့ရာလူ သတ်ဖြတ်နိုင်တယ်။ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)တွေက ရှောင်လို့ ပြောတဲ့ချိန်မှာ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ဝေးရာ ရှောင်ဖို့လိုတယ်။ ပိုပြီးတော့ သတိကြီးကြီးထားဖို့ လိုအပ်လာပြီ။ သူတို့လည်း ထိခိုက်မှုရှိလာတော့ တွေ့ရာလူ သတ်ဖြတ်လာနိုင်တယ် ” လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုဇော်ထက် ကပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ငှက်ပျောတော၊ ခေါသန္တီ၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်း နဲ့ သေတ္တရာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ သုံးထောင်ကျော်လောက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဓာတ်ပုံ – ပုလဲ ပအဖ